ဘောလုံးကလပ်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအများဆုံး ဖြစ်နေတဲ့ ဗလင်စီယာ

ဘောလုံးကလပ်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအများဆုံး ဖြစ်နေတဲ့ ဗလင်စီယာ

စပိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူဦးရေ (၁၁၈၂၆) ယောက် ရှိပြီး ၊ သေဆုံးသူ (၅၃၃) ယောက်အထိ မြင့်တက်လာခဲ့လို့ နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကာကွယ်မှုတွေကို စနစ်တကျ လုပ်ဆောင်နေကြတာပါ။

စပိန်လာလီဂါ ကလပ်အသင်းတွေကလည်း ဗိုင်းရပ်စ်အခြေအနေတွေ ဆိုးရွားလာတဲ့နောက် သူတို့ရဲ့ ကစားသမားတွေကို ဆေးစစ်ခိုင်းခဲ့ပြီး ဗိုင်းရပ်စ်ရှိ ၊ မရှိကို အဖြေရှာခဲ့တာပါ။

အဲဒီထဲမှာမှ ဗလင်စီယာ အသင်းရဲ့ အဖြစ်က အဆိုးဆုံးလို့ ပြောရမှာပါ။ ဗလင်စီယာရဲ့ ပွဲထွက်လူစာရင်းထဲက ကစားသမား (၅)ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကို တွေ့ရပြီး အသင်းရဲ့ ဝန်ထမ်းအချို့မှာလည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာကိုတွေ့ရပါတယ်။

ဒီအခြေအနေက တခြားဘောလုံးအသင်းတွေ အတွက်လည်း ထိတ်လန့်စရာ ဖြစ်ခဲ့ရတာပါ။

ဗလင်စီယာရဲ့ အဓိက နောက်ခံလူတွေဖြစ်ကြတဲ့ ဂါရေးနဲ့ မန်ဂါလာ ၊ ကွင်းလယ်လူ ဂါယာ နဲ့ အခြား ကစားသမား နှစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံထားရတဲ့အကြောင်း အသင်းက ထုတ်ပြန်ခဲ့တာပါ။

ဒါပေမယ့် သူတို့ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေပြီး တဖြည်းဖြည်းနဲ့ သက်သာလာနေကြောင်းလည်း အသင်းကနေ အသိပေးထားပါတယ်။

အသက် (၃၃)နှစ်အရွယ် ဂါရေးက သူ့ရဲ့ အင်စတာဂရမ်မှာ (၂၀၂၀)ကို ကံမကောင်းမှုနဲ့ စတင်ခဲ့ရတဲ့အကြောင်း စိတ်ပျက်လက်ပျက် ရေးသားသွားခဲ့ပြီး သူ့ရဲ့အဖြစ်ကို ပရိသတ်တွေသိအောင် ပြောပြခဲ့တာပါ။

တခြား လာလီဂါအသင်းတွေကလည်း သူတို့ရဲ့ ကစားသမားတွေကို ဆေးစစ်မှုတွေ ပြုလုပ်ထားခဲ့ပြီး ရီးယဲလ်အသင်း ကစားသမားတွေကတော့ ကိုရိုနာဗိုင်းရပ်စ်သံသယကြောင့် (၁၄)ရက် စောင့်ကြည့်ခံနေရတယ်လို့ Marca သတင်းစာက ဖော်ပြထားပါတယ်

ဗလင်စီယာအသင်းမှာ ခြေစွမ်းပြနေတဲ့ မန်စီးတီး နောက်ခံကစားသမားဟောင်း မန်ဂါလာ ကတော့ သူ့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိတာကို သိလိုက်ရကြောင်းနဲ့ နေအိမ်အတွင်းမှာနေပြီး အခြားသူတွေမကူးစက်အောင် ကြိုးစားနေကြောင်း၊ သူ့ရဲ့ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်နေကြောင်း ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly