အေသွေးပိုင်ရှင်များက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှု၌ ခုခံအားနည်းဟု တရုတ်ပညာရှင်များ ပြော

အေသွေးပိုင်ရှင်များက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှု၌ ခုခံအားနည်းဟု တရုတ်ပညာရှင်များ ပြော

အေသွေးပိုင်ရှင်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရာတွင် ခုခံအား ပိုနည်းကြပြီး အိုသွေးပိုင်ရှင်များမှာ ကိုရိုနာဗိုင်းရပ်စ်ကို ပို၍ ခုံခံနိုင်စွမ်း များသည်ဟု Covid-19 အဖြစ် သိထားသော ရောဂါ ဖြစ်ပွားသည့် တရုတ်နိုင်ငံမှ လူနာများအား ကနဦးသုတေသနပြုချက်အရ သိရသည်။

ဝူဟန်နှင့် ရှန်ကျင်းမြို့များမှ ဗိုင်းရပ်စ်ကူးစက်ခံရသော လူနာပေါင်း ၂၀၀၀ ကျော်ထက်မနည်းကို သွေးအုပ်စုခွဲပြီး တရုတ်ဆေးသုတေသနပညာရှင်များက ဌာနကျန်းမာသော လူအုပ်စုနှင့် နှိုင်းယှဉ်သုတေသနပြုခဲ့သည်။ ထိုအခါတွင် အေသွေးပိုင်ရှင်များသည် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်မားပြီး ပြင်းထန်သည့် ရောဂါလက္ခဏာများလည်း ပို၍ဖြစ်ပွားနိုင်သည်ကို တွေ့ရှိသည်။

“အေသွေးပိုင်ရှင်များအနေဖြင့် ရောဂါကူးစက်နိုင်မှုကို လျှော့ချရန် ပို၍ ခိုင်မာအားကောင်းသော တစ်ကိုယ်ရည် ကာကွယ်မှုများ ပိုမိုလုပ်ဆောင့်သင့်ကြောင်း။” ဝူဟန်တက္ကသိုလ် Zhongnan ဆေးရုံမှ Centre for Evidence – Based and Translational Medicine မှ Wang Xinguan ဦးစီးသည့် သုတေသနပညာရှင်များက ရေးသားသည်။

“Sars-CoV-2 ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သည့် အေသွေးအုပ်စုများကို ပိုပြီးစောင့်ကြည့်သင့်ကာ ကြပ်ကြပ်မတ်မတ် ကုသမှုပေးသင့်သည်။”ဟု ဝန်က ရေးသားသည်။

ဆန့်ကျင်ဖက်အားဖြင့် အိုသွေးအုပ်စုများသည် အိုသွေးမဟုတ်သော အုပ်စုများနှင့် နှိုင်းယှဉ်လျှင် ရောဂါကူးစက်မည့် ဘေး သိသိသာသာ နည်းပါးသည်ဟု မတ် ၁၁ ရက်က Medrixiv.org တွင် ၎င်းတို့ ရေးသားဖော်ပြသော စာတမ်းအရ သိရသည်။

ဝူဟန်တွင် Covid-19 ရောဂါကြောင့် သေဆုံးသူ ၂၀၆ ဦးတွင် ၈၅ ဦးမှာ အေသွေးအုပ်စုဖြစ်ပြီး အိုသွေးအုပ်စုမှ ၅၂ ဦးရှိ၍ ၆၃ ရာခိုင်နှုန်း ပိုများသည်။ ထိုသို့ နှိုင်းယှဉ်မှု စံနမူနာပြုမှု၌ မတူညီသော အသက်အရွယ်နှင့် လိင်တို့ကိုလည်း ထည့်သွင်းထားသည်။

“ဒီတွေ့ရှိချက်ဟာ Sars-CoV-2 နဲ့ အခြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကိုင်တွယ်ဖြေရှင်းရာ၌ လူနာရော၊ ကျန်းမာရေးအမှုထမ်းတို့ကိုပါ အေ၊ အို၊ ဘီ သွေးအုပ်စုများ ခွဲကာ စီမံခန့်ခွဲပြီး အကူအညီ ဖြစ်စေနိုင်မည်။”ဟု စာတမ်းတွင် ဝန်က ရေးသားခဲ့သည်။

ယခု သုတေသနကို ပေကျင်း၊ ဝူဟန်၊ ရှန်ဟိုင်းနှင့် ရှန်ကျင်းမြို့များအပါအဝင် တရုတ်တစ်နံတစ်လျားက မြို့များရှိ သိပ္ပံပညာရှင်များနှင့် ဆရာဝန်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သုတေသနအား ပြန်လည်သုံးသပ်ခြင်း မပြုလုပ်ရသေးဘဲ စာတမ်းရေးသားသူများက လက်ရှိ ဆေးကုသရေး၌ ယခုသုတေသနကို အသုံးချခြင်းတွင် ဘေးအန္တရာယ််များ ရှိလာနိုင်သည်ဟုလည်း သတိပေးရေးသားခဲ့သည်။

သုတေသနတွင် မပါဝင်သော တီအန်ကျင်းမှ State Key Laboratory of Experimental Haematology မှ သုတေသနပညာရှင် ဂေါင်ယင်တိုင်က သုတေသနအား အကြီးစားလုပ်ဆောင်ရန် လိုအပ်သည်ဟု ပြောသည်။ လူနာ ၂၀၀၀ ဖြင့် သုတေသနပြုခြင်းသည် သေးငယ်သော ပမာဏ မဟုတ်သော်လည်း လက်ရှိ ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူမှာ ၁၈၀၀၀၀ ကျော် ရှိသည့် အရေအတွက်နှင့် နှိုင်းယှဉ်လျှင် မပြောပလောက်သော ပမာဏ ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly