ကိုရိုနာကြောင့် ပြည်သူများ မနစ်နာရေးနှင့် အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရေး ဆောင်ရွက်သွားမည်

ကိုရိုနာကြောင့် ပြည်သူများ မနစ်နာရေးနှင့် အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရေး ဆောင်ရွက်သွားမည်
Photo: Myanmar State Counsellor Office

နေပြည်တော်၊ မတ်လ ၁၇

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့သည့် COVID -19 ရောဂါ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေးတွင် ပြည်သူ၊ပြည်သားများ မနစ်နာစေဖို့ နှင့် အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေဖို့ နိုင်ငံတော်မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောကြားခဲ့သည်။

“စီးပွားရေးနဲ့ ပတ်သက်လို့လည်း ပြည်သူပြည်သားများ မနစ်နာစေဖို့ တတ်နိုင်သမျှ ကျွန်မတို့ အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေဖို့ အလုပ်ရုံများ ဆက်လက်လည်ပတ်နိုင်ဖို့ နိုင်ငံ့ စီးပွားရေး လည်ပတ်မှုကို ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ကို ရည်ရွယ်ပြီး အခွန်အကောက်ဖြေလျော့ခြင်း ၊ အတိုးနှုန်းလျော့ချခြင်း စသည်တို့ကိုဆောင်ရွက်မှာဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

မတ်လ ၁၆ ရက်နေ့ ညပိုင်းက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ပြည်သူလူထုသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပို့ကုန်လုပ်ငန်းမှ ကြိုတင်ကောက်ခံသည့် အခွန် နှစ်ရာခိုင်နှုန်းကိုလည်း ယခုဘဏ္ဍာနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“COVID-19 ကြောင့်စီးပွားရေးထိခိုက်မှု အများဆုံးကြုံတွေ့ရနိုင်တဲ့ လုပ်ငန်းများ CMP လို့ အများသိကြတဲ့ ကုန်ကြမ်းပေး ကုန်ချောယူ လက်ခစားစနစ် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် အထူးသက်သာသော အတိုးနှုန်းဖြင့် ချေးငွေများနှင့် အခွန်ကင်းလွတ်ခွင့်ရရှိနိုင်ရေး စီမံသွားပေးမှာဖြစ်ပါတယ်”ဟု ဆက်လက်ပြောကြားသည်။

ထို့အပြင် ကာကွယ်ကုသ ထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ်ကို ထူထောင်သွားမှာဖြစ်သည့်အတွက် စေတနာရှင်ပြည်သူများ အနေနှင့် မိမိတို့ တတ်နိုင်သမျှ ထည့်ဝင်လှူဒါန်းသွားကြရန်လည်း ဆက်လက်တိုက်တွန်းနှိုးဆော်ခဲ့သည်။

ကျန်းမာရေးလိုအပ်ချက်အရ မလိုအပ်ပဲ လူစုလူဝေး မဖြစ်အောင် ပြည်သူတွေကအဓိက ပူးပေါင်းပါဝင်ပေးဖို့၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာ ကြစေရန်၊မတိမကျ မမှန်ကန်သည့် သတင်းများ မပျံ့ပွားစေရေး၊ အစိုးရိမ်လွန်ပြီး ရိက္ခာ စုဆောင်းရေးကဲ့သို့ မတည်ငြိမ်ဖြစ်စေမည့် လုပ်ငန်းများ မဖြစ်ပေါ်ရေး ပြည်သူများတွင် အဓိက ကျကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အဆိုပါ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHOက ထုန်ပြန်ကြေညာထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မတ်လထုတ်ပြန်ချက်အရ၁၆ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားနေသည့်နိုင်ငံစုစုပေါင်း ၁၄၄နိုင်ငံ၊ ဓာတ်ခွဲအတည်ပြုလူနာ ၁၅၃,၅၁၇ ဦး ၊ သေဆုံးသူ စုစုပေါင်း ၅၇၃၅ ဦးနှင့် သေဆုံးမှု၃.၈ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်း၌ လက်ရှိချိန်ထိ ရောဂါပိုးတွေ့ရှိသူ မရှိသေးသော်လည်းပြီးခဲ့သည့်ဇန်နဝါရီ လကုန်ပိုင်းမှ စပြီး ယနေ့ မတ်လ ၁၆ ရက်နေ့အထိ အဆိုပါရောဂါနှင့်ပတ်သက်ပြီး စောင့်ကြည့်လူနာ ၁၃၁ဦးနှင့် သံသယလူနာ ၂ဦးရှိပြီး ၄င်းတို့အနက်မှ ရောဂါပိုးမတွေ့ရှိသူ ၁၂၃ဦးနှင့် ဓာတ်ခွဲနမူနာရယူရန် ဆောင်ရွက်ဆဲ/ ပေးပို့ဆဲ လူနာ ၁ဝဦးထိရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly