တောင်ကိုရီးယား ဘုရားကျောင်းတစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သည်ဆိုသည့် အယူဖြင့် ဘုရားကျောင်းတက်သူများ၏ ပါးစပ်ထဲ ဆားရည်ဖျန်းရာမှ ၄၆ ဦး ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရ

တောင်ကိုရီးယား ဘုရားကျောင်းတစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သည်ဆိုသည့် အယူဖြင့် ဘုရားကျောင်းတက်သူများ၏ ပါးစပ်ထဲ ဆားရည်ဖျန်းရာမှ ၄၆ ဦး ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရ

မတ် ၁၇ 

တောင်ကိုရီးယားနိုင်ငံရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းတွင် ဘုရားကျောင်းတက်လာသူများ၏ ပါးစပ်ထဲ ဆားရည်ဖျန်းပေးခဲ့ရာမှ လူ ၄၆ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရကြောင်း အာဏာပိုင်များက ပြောသည်။

Gyeonggi ဒေသရှိ ဘုရားကျောင်းတစ်ခုရှိ တာဝန်ရှိသူများသည် ဘုရားကျောင်းသို့ လာရောက်သူများ၏ ပါးစပ်ထဲသို့ ဆားရည်ဖျန်းပေးခဲ့ကြသည်ဟု သိရပြီး ယင်းသို့လုပ်ဆောင်ခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကူညီကာကွယ်နိုင်သည်ဆိုသည့် လွဲမှားသော ယုံကြည်မှုဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အာဏာပိုင်များက မတ်လ ၁၆ ရက်တွင် ပြောသည်။

ထို့ပြင် ဘုရားကျောင်း တာဝန်ရှိသူများသည် ဆားရည်ဖျန်းရာတွင် ဖျန်းဘူး နော်ဇယ်ခေါင်းကို ပိုးသတ်ခြင်း မရှိဘဲ ဖျန်းဘူးတစ်ဘူးတည်းကိုသာ အသုံးပြုခဲ့ပြီးနောက် ဘုရားကျောင်းတက်လာသူ ၄၆ ဦး ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

ဆိုးလ်မြို့တောင်ပိုင်း Gyeonggi ဒေသရှိ River of Grace Community ဘုရားကျောင်းမှ ဗီဒီယိုပုံရိပ်များအရ ဘုရားကျောင်းတာဝန်ရှိသူတစ်ဦးသည် ဖျန်းဘူးတစ်ဘူးကို ကိုင်ထားပြီး ဘုရားကျောင်းလာသူများကို တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ထဲ ဆားရည်ဖျန်းပေးနေသည်ကို တွေ့မြင်ခဲ့ရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘုရားကျောင်းတက်သူ ၁၀၀ ခန့် တက်ရောက်ခဲ့သည့် ဆုတောင်းပွဲအခမ်းအနားတစ်ခုအတွင်း  ထိုကဲ့သို့ ဆားရည်ဖျန်းပက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ စစ်ဆေးမှုများအရ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူများထဲတွင် သင်းအုပ်ဆရာနှင့် ဇနီးဖြစ်သူတို့လည်း ပါဝင်နေသည်ဟု သိရသည်။

“ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ လူနာတစ်ယောက်ရဲ့ အဆိုအရ သူတို့တွေဟာ ဒီစပရေးဗူး နော်ဇယ်ခေါင်းကို ပါးစပ်ထဲအထိ ထည့်ပြီး ဖျန်းခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။ တခြားသူတွေကိုလည်းပဲ သူတို့ ဒီလိုပုံစံမျိုးပဲ လုပ်ခဲ့ပါတယ်။ ဒီဖျန်းဘူးကို ပိုးသတ်တာမျိုးလည်း မလုပ်ခဲ့ပါဘူး။”ဟု Gyeonggi ဒေသ၏ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအထူးအဖွဲ့ ခေါင်းဆောင် Lee Hee-young က ပြောသည်။

“ ဒီလိုလုပ်ခြင်းအားဖြင့် ဗိုင်းရပ်စ်ကို သေချာပေါက် ပျံ့အောင်လုပ်သလို ဖြစ်ခဲ့ပါတယ်၊ ဆားရည်ဟာ ဗိုင်းရပ်စ်ကို သတ်နိုင်တယ်ဆိုတဲ့ အယူအဆလွဲတစ်ခုကြောင့် သူတို့ခုလိုလုပ်ခဲ့ကြတာပါ” ဟု ၎င်းက ပြောသွားသည်။

ယင်းနောက် အဆိုပါ ဘုရားကျောင်းကို ပိတ်ထားလိုက်ပြီဖြစ်ပြီး ဘုရားကျောင်းတက်ခဲ့သူအားလုံးကိုလည်း ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

တောင်ကိုရီးယားတွင် လက်ရှိအချိန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရှိန်လျော့ကျရန် အာဏာပိုင်များဘက်က လုပ်ဆောင်ထားနိုင်သည် ဆိုသော်ငြားလည်း မြို့ဧရိယာများတွင် ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်အသစ်များ ဖော်ထုတ်သိရှိနိုင်ရန်အလို့ငှာ အစိုးရဘက်က နိုးနိုးကြားကြား လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း အထက်ပါဖြစ်စဉ်က ဖော်ညွန်းပြသလျက် ရှိသည်။

မတ်လ ၁၆ ရက်က ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်သစ် ၇၄ ခု ထပ်မံတွေ့ရှိပြီးနောက် ယင်းနိုင်ငံတွင် စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၈,၂၃၆ ဦးထက်မနည်း ရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required