အူဘာမီယန်း တစ်ယောက် ဘာစီလိုနာအသင်းဆီ တကယ်ရောက်သွားမှာလား

အူဘာမီယန်း တစ်ယောက် ဘာစီလိုနာအသင်းဆီ တကယ်ရောက်သွားမှာလား

မနေ့က စပိန်ရဲ့ နာမည်ကြီး သတင်းစာ တစ်စောင်ဖြစ်တဲ့ Marca ရဲ့ ဖော်ပြမှုမှာ အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်း အနေနဲ့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာဖို့ သေချာသလောက် ဖြစ်နေပြီဆိုတာ ပါရှိပါတယ်။ အကြောင်းကတော့ ဘာစီလိုနာမြို့နားမှာ နေထိုင်နေပြီဖြစ်တဲ့ သူ့ရဲ့ ဆွေမျိုးတွေ ကြောင့်ပါပဲ။

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်၊ အားကိုးရတဲ့ တိုက်စစ်မှူးလည်းဖြစ်တဲ့ အူဘာမီယန်းဟာ ဘာစီလိုနာမြို့အနီးမှာ နေအိမ်တစ်လုံးငှားပြီး မိသားစုဝင်အချို့ကို နေထိုင်ခိုင်းထားကြောင်း သတင်းထောက်တွေ သိသွားခဲ့တဲ့နောက် ဘာစီလိုနာအသင်းဆီ ရောက်မယ့် အူဘာမီယန်းရဲ့ အခြေအနေက ပိုပြီး နီးစပ်လာခဲ့ပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာကတည်းက အူဘာမီယန်းကိုခေါ်ယူဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပေမယ့် မအောင်မြင်ခဲ့တာပါ။ လက်ရှိအခြေအနေ အရတော့ အဓိက တိုက်စစ်ကစားသမားတွေ ဒဏ်ရာကြောင့် ရုန်းကန်နေရတဲ့ အနေအထားမှာ ဘာစီလိုနာအနေနဲ့ အူဘာမီယန်းကို မဖြစ်မနေခေါ်ဖို့ လိုအပ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းဖက်ကလည်း အူဘာမီယန်းကို ရောင်းချသွားနိုင်တယ်လို့ လေသံပစ်ထားပြီး လာမယ့် အပြောင်းအရွှေ့မှာ သူတို့ရဲ့ တိုက်စစ်မှူးကို ကြေးကြီးကြီးနဲ့ လက်လွှတ်မယ့်ပုံပါပဲ။

လာမယ့် အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်ပစ်မှတ်က (၂)ဦးသာ ရှိနေပြီး တစ်ဦးက အာဆင်နယ်ရဲ့ အူဘာမီယန်း ဖြစ်သလို၊ နောက်တစ်ဦးကတော့ အင်တာမီလန်ရဲ့ မာတီနက်ဇ် ပါ။

အင်တာမီလန်အသင်းရဲ့ အဓိက ဂိုးသွင်းသူ ဖြစ်ခဲ့တဲ့ မာတီနက်ဇ်က အူဘာမီယန်းလောက် အဆုံးသတ်မကောင်း၊ အတွေ့အကြုံမပြည့်ဝပေမယ့် လူငယ်ကစားသမားဖြစ်တာကြောင့် သူ့ရဲ့ခြေစွမ်းက ပိုမိုတိုးတက်လာဖို့ရှိတဲ့အနေအထားပါ။

နေမာ ကို ရောင်းဖို့ ငြင်းဆန်နေတဲ့ PSG ၊ မာတီနက်ဇ်အတွက် စျေးပိုပြီး လိုချင်နေတဲ့ အင်တာမီလန် တို့ကြောင့် အူဘာမီယန်း ဟာ ဘာစီလိုနာခေါ်ယူသွားဖို့ ဖြစ်နိုင်ချေအရှိဆုံး ကစားသမားအဖြစ် အားလုံးက သတ်မှတ်နေကြတာပါ။

ဒီရာသီမှာ အာဆင်နယ်အတွက် (၃၂)ပွဲ ကစားပေးထားပြီး ဂိုး(၂၀)အထိ သွင်းထားတဲ့ အူဘာမီယန်း တစ်ယောက် ဘာစီလိုနာအသင်းဆီ တကယ်ပဲ ရောက်တော့မှာလား…ဒါမှမဟုတ် ပြီးခဲ့တဲ့ အပြောင်းအရွှေ့တုန်းကလို သတင်းတွေထွက်ခဲ့ပြီး အာဆင်နယ်မှာပဲ ဆက်ရှိနေဦးမှာလား ဆိုတာကတော့….။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required