ပူတင်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက်ကို ရုရှား ဖွဲ့စည်းပုံခုံရုံး အတည်ပြု

ပူတင်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက်ကို ရုရှား ဖွဲ့စည်းပုံခုံရုံး အတည်ပြု

မတ်လ ၁၇။             ။ သမ္မတ ဗလာဒီမာပူတင် အဆိုပြုထားတဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကို ရုရှား ဖွဲ့စည်းပုံခုံရုံးက တနင်္လာနေ့မှာ အတည်ပြုလိုက်ပါတယ်။

သမ္မတ ပူတင်ကို နောက်ထပ် သမ္မတ သက်တမ်း ထမ်းဆောင်ခွင့် ရစေမယ့် အခု ပြင်ဆင်ချက်အား အတည်ပြုကြောင်းကို ခုံရုံးက ၎င်းရဲ့ ဝက်ဘ်ဆိုင်မှာ ဖော်ပြပြီး ချက်ချင်းပဲ ပူတင်ဆီ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီ ပြင်ဆင်ချက်အရ ပူတင်အနေနဲ့ ၂၀၃၆ ခုနှစ်အထိ ရာထူးအာဏာကို ရယူထားနိုင်ပြီ ဖြစ်ပါတယ်။

စနေနေ့က ပူတင်ဟာ နောက်ဆုံး ပြင်ဆင်ချက်ကို လက်မှတ်ထိုးခဲ့တာ ဖြစ်ပြီး ခုံရုံးအနေနဲ့ သီတင်းပတ်ကြာ စဉ်းစားသုံးသပ်ရမှာ ဖြစ်ပေမယ့် လျင်လျင်မြန်မြန်ပဲ ဆုံးဖြတ်ချက်ချကာ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

အသက် ၆၇ နှစ်အရွယ် သမ္မတ ပူတင်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက်ကို အာကာသထဲ ပထမဆုံး လမ်းလျှောက်တဲ့ အမျိုးသမီးဖြစ်သူ ဗယ်လန်တီနာတီရက်ရှန်ကိုဗာက ထောက်ခံခဲ့ပါတယ်။

ဒီ ပြင်ဆင်ချက်အရ သမ္မတ ပူတင်ဟာ ၂၀၂၄ အလွန်မှာ ကရင်မလင်နန်းတော်ဆီ ပြန်လည်ရာထူး တက်လှမ်းဖို့ အခွင့်အလမ်းကို ဖော်ဆောင်ပေးထားတာ ဖြစ်ပါတယ်။

လက်ရှိဖွဲ့စည်းပုံအရ ပူတင်အနေနဲ့ ၂၀၁၂ ကစလို့ ရာထူးတာဝန်ထမ်းဆောင်တာ နှစ်ကြိမ်သက်တမ်း ပြည့်သွားပြီမို့ နောက်ထပ် သမ္မတ သက်တမ်း ထမ်းဆောင်ခွင့် မရှိပါ။

အခု ဖွဲ့စည်းပုံသစ်အရတော့ ပူတင်ရဲ့ သမ္မတသက်တမ်းကို ပြန်ဆက်နိုင်မှာ ဖြစ်ကာ ၂၀၃၆ အထိ ရာထူးတာဝန် ထမ်းဆောင်ခွင့်ကို လမ်းကြောင်းခင်းလိုက်တာပဲ ဖြစ်ပါတယ်။

ပူတင်ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဇန်နဝါရီလကတည်းက အဆိုပြုလာခဲ့တာ ဖြစ်ပေမယ့် အာဏာဆက်လက် ဆုပ်ကိုင်ထားဖို့ လုံးပမ်းနေတာဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပီစကော့ဗ်က တစ်ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုတွေကြောင့် ပူတင်ဟာ သူ့စိတ်ကို ပြောင်းလဲခဲ့ရတာလို့ ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required