“တိုင်းရင်းသားတွေကို ဘယ်သူ စည်းရုံးနိုင်မလဲ”

“တိုင်းရင်းသားတွေကို ဘယ်သူ စည်းရုံးနိုင်မလဲ”

ရွေးကောက်ပွဲကြီး ကျင်းပဖို့ တစ်ပတ်တောင် မကျန်တော့ပါဘူး။ သိပ်မကြာခင် မဲဆွယ် စည်းရုံးရေး ကာလလည်း ပြီးဆုံးပါတော့မယ်။ ဒီရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၀ ကျော် ဝင်ပြိုင်ကြတယ် ဆိုပေမယ့် တကယ့်တကယ် သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်မယ့် ပါတီက နှစ်ပါတီ ထဲပါ။ အင်န်အယ်လ်ဒီ နဲ့ ပြည်ခိုင်ဖြိုးဖြစ်ပါတယ်။ အင်န်အယ်လ်ဒီဟာ အမတ်နေရာ ၇၀ ရာခိုင်နှုန်း အထက် နိုင်မယ် ဆိုရင်တော့ ဘယ်သူနဲ့မှ အပေးအယူ လုပ်စရာ မလိုပဲ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်ပါလိမ့်မယ်။ ပြည်ခိုင်ဖြိုးပါတီကတော့ ၃၄ ရာခိုင်နှုန်းလောက် နိုင်တာနဲ့ လွှတ်တော်ထဲ ရောက်နှင့်နေပြီးသား တပ်မတော်သား အမတ်တွေနဲ့ ပေါင်းပြီး သမ္မတ ရွေးနိုင်၊ အစိုးရ ဖွဲ့နိုင်ကြပါလိမ့်မယ်။

ဒီလိုမှ မဟုတ်ရင်တော့ တိုင်းရင်းသားတွေ ပေါင်းထားတဲ့ အင်အားစုနဲ့ အပေးအယူလုပ် ညှိနှိုင်းပြီး သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်အောင် ကြိုးစားကြရပါလိမ့်မယ်။ အခု ရွေးကောက်ပွဲအကြို မဲဆွယ် စည်းရုံးရေးကာလမှာ ပြည်ခိုင်ဖြိုးနဲ့ အင်န်အယ်လ်ဒီ ရဲ့ တိုင်းရင်းသားတွေ အပေါ် ထားတဲ့ သဘောထားတွေ ဘယ်လို ရှိပါသလဲ၊ ဒီအပေါ်မှာ အခြေခံပြီး နောင် လွှတ်တော်ထဲ ရောက်သွားရင် တိုင်းရင်း သားတွေ ဘယ်သူနဲ့ ပူးပေါင်းနိုင်ခြေ ရှိမလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ပါတီကြီးနှစ်ခုဟာ ရွေးကောက်ပွဲ မဝင်ခင် တိုင်းရင်းသားပါတီတွေနဲ့ တိတိကျကျ မဟာမိတ်ဖွဲ့ ပူးပေါင်း ရွေးကောက်ပွဲ ဝင်ဖို့ လုပ်တာမျိုး မရှိခဲ့ပါဘူး။ ပြည်ခိုင်ဖြိုးပါတီ ဘက်မှာ တိတိကျကျ ပူးပေါင်းထားတဲ့ တိုင်းရင်းသား ပါတီ တစ်ချို့ရှိပြီး အဲဒီပါတီတွေ ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေကို ရှောင်ရှားပေးတာမျိုးတော့ ရှိခဲ့ပါတယ်။ ဥပမာ ကချင်ပြည်နယ်မှာ စည်းလုံး ညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီ (စဒက) လိုမျိုးဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ ဘက်ကတော့ အဲလိုမျိုး လုံး၀ မရှိသလောက်ပါပဲ။

ပါတီကြီးတွေ အထူးသဖြင့် အင်န်အယ်လ်ဒီ လို ပါတီကြီးမျိုးက ရွေးကောက်ပွဲကို တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီး မဝင်တဲ့ကိစ္စ တိုင်းရင်းသားပါတီ အတော်များများက နားမလည်ကြပါဘူး။ အင်န်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက် လက်ပျက် ဖြစ်ရကြောင်း နှစ်ပေါင်းရှည်ကြာ မဟာမိတ်ဖြစ်ခဲ့တဲ့ SNLD ဥက္ကဌ ဦးခွန်ထွန်းဦးကိုယ်တိုင် ပြောယူရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဒီကိစ္စ အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မကြာခဏ ရှင်းရပါတယ်။

သူတို့အနေနဲ့တိုင်းရင်းသားနယ်မြေတွေမှာ ရွေးကောက်ပွဲ ဝင်ရတာဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လက်မခံလိုလို့မဟုတ်ပဲ အဲဒီနယ်မြေတွေမှာ ပြည်ခိုင်ဖြိုးပါတီ ကလည်းရွေးကောက်ပွဲ ဝင်တာမို့ အင်န်အယ်လ်ဒီ ကလည်း ဝင်ပြိုင်ရတာပါ လို့ အကြောင်းပြပါတယ်။ နောက်ပိုင်း တိုင်းရင်းသားဒေသ ပြည်နယ်တွေကို ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် စည်းရုံးရေး ရောက်လာတဲ့အခါ များပြား လှတဲ့ ပြည်သူလူထု ထောက်ခံမှုတွေကို မြင်ရတော့ တိုင်းရင်းသားခေါင်းဆောင်တွေ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်တာ တွေ့ရပါတယ်။ ဒီလို အခြေအနေအောက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးခြားတဲ့ စကားတစ်ခွန်း ထွက်ပေါ်လာပါတယ်။ သူက ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ အနိုင်ရပြီး သမ္မတ တင်နိုင်၊ အစိုးရ ဖွဲ့နိုင်ရင် ပြည်နယ်တွေမှာ အင်န်အယ်လ်ဒီ စိတ်ကြိုက် ဝန်ကြီးချုပ် ခန့်မှာမဟုတ်ပဲ ပြည်နယ် လွှတ်တော်က ရွေးချယ်ပေးတဲ့သူကိုသာ ဝန်ကြီးချုပ် ခန့်မယ် ဆိုပြီး ပြောဆိုခဲ့လို့ပါ။

တကယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတ က ပဲ ခန့်ရမယ် ဆိုတဲ့ အချက်ကို ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေး ကာလ ကတည်းက ပြင်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒီအချက်ပြင်ဖို့ လွှတ်တော်အတွင်းမှာ အင်န်အယ်လ်ဒီ၊ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသားပါတီ အားလုံး သဘောထား တူညီကြပါတယ်။ ဒါပေမယ့် တပ်မတော်သား အမတ်တွေက ကန့်ကွက်လို့ အဲဒီအချက်ကို ဖွဲ့စည်းပုံထဲကနေ မပြင်ဆင်နိုင်ခဲ့ပါဘူး။ ဒါဟာ ဖွဲ့စည်းပုံ ဖော်ပြချက်ပဲ ဖြစ်ပြီး တကယ်လို့သာ ပြည်နယ် လွှတ်တော်က ရွေးပေးတဲ့သူ တစ်ယောက်ယောက်ကို ဝန်ကြီးချုပ် ခန့်မယ် ဆိုရင်လည်း အဲဒါဟာ သမ္မတ ရဲ့ လုပ်ပိုင်ခွင့်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေကို အဲဒီ ကတိ ပေးလိုက်တာပါ။

တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးဘက်ကတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မယ် ဆိုတာကလွဲပြီး တခြား ဘာမှ မပြောပါဘူး။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဝင်စဉ် တုန်းကလိုပဲ ရွေးကောက်ပွဲမှာ အနိုင်ရရင် ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ် လုပ်မယ့်သူတွေကို ကြိုတင်ရွေးချယ်ထား၊ ပြည်နယ်နဲ့ တိုင်းအဆင့်မှာ ရွေးကောက်ပွဲ ဝင်ခိုင်းထားတာတွေ ရှိနေပါတယ်။ ဥပမာအားဖြင့် ရှမ်းပြည်နယ် အတွက် ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်သန်းထွဋ်၊ မွန်ပြည်နယ် အတွက်ဆိုရင် ဒုဗိုလ်ချုပ်ကြီးဟောင်း သက်နိုင်ဝင်း၊ စစ်ကိုင်းတိုင်း အတွက် ဒုဗိုလ်ချုပ်ကြီး မြင့်စိုး၊ ရခိုင်ပြည်နယ်အတွက် ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်း စတဲ့သူတွေကို လျာထားတာ ဖြစ်ပါတယ်။

တိုင်းရင်းသား ပါတီတစ်ချို့ကလည်း ပါတီ အချင်းချင်း စုစည်းပြီး ရွေးကောက်ပွဲ အပြီးမှာ ပါတီကြီးနှစ်ခုကို စကားပြောနိုင်ဖို့ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ သမ္မတ ရွေးဖို့၊ အစိုးရဖွဲ့ဖို့ အမတ် အင်အားလိုအပ်မယ့် အင်န်အယ်လ်ဒီ ကိုဖြစ်စေ၊ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သားအမတ် ပေါင်းထားတဲ့ အင်အားစုကို ဖြစ်စေ စုပေါင်းအင်အားနဲ့ စကားပြောမှာ ဖြစ်ပါတယ်။ ဒါကလည်း အဲဒီ ပါတီတွေအနေနဲ့ ရွေးကောက်ပွဲမှာ အတန်အသင့် အနိုင်ရမှ ဖြစ်သလို၊ လွှတ်တော်ထဲ ရောက်ပြီးနောက်မှာလည်း ဆက်ပြီး စည်းစည်းလုံးလုံး ရှိနေမှ ဖြစ်မှာပါ။ ဒီတိုင်းရင်းသားပါတီတွေကတော့ သူတို့ပါတီက တစ်ယောက်ယောက်ကို ပြည်နယ် ဝန်ကြီးချုပ် တင်ဖို့၊ ပြည်နယ် အစိုးရအဖွဲ့ထဲမှာ အရည်အတွက် များများ ပါဝင်ခွင့်ပေးဖို့ သမ္မတ လုပ်မယ့် ပါတီဆီကနေ တောင်းဆိုကြမှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာခင် ရွေးကောက်ပွဲ ကျင်းပတော့မှာမို့ တိုင်းရင်းသားတွေ အနေနဲ့ ဘယ်ပါတီတွေကို ထောက်ခံ မဲပေးသလဲ ဆိုတာ ပေါ်လာတော့မှာပါ။ တဆက်တည်း ပါတီ အသီးသီးရဲ့ အနိုင်ရ စာရင်းတွေကို သိလာပြီဆိုတာနဲ့ လွှတ်တော်တွင်း မဟာမိတ်ဖွဲ့နိုင်မှု အခြေအနေကို အကြမ်းဖျဉ်း ဖြစ်ဖြစ် မှန်းဆ လို့ ရကြပါလိမ့်မယ်။ ဒါပေမယ့် သမ္မတ သစ်၊ အစိုးရ အဖွဲ့သစ်နဲ့ ဝန်ကြီးချုပ် အသစ်တွေကိုတော့ လာမယ့် ၂၀၁၆ မတ်လ ကုန်သည် အထိ တွေ့မြင်နိုင်ဖွယ် မရှိသေးပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required