အမေရိကန်၌ ညမထွက်ရအမိန့်များထုတ်ပြန်

မတ် ၁၇။           ။ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်ဖို့ ယမန်နေ့ကစလို့  မြို့ကြီးတွေမှာ ညမထွက်ရအမိန့်တွေထုတ်ပြန်ပြီး  အသွားအလာကန့်သတ်မှုတွေစတင်လုပ်ဆောင်ခဲ့တာကြောင့်       ကမ္ဘာ့လှည့်ခရီးသွားတွေနဲ့ အမြဲစည်ကားနေလေ့ရှိတဲ့ နယူးယောက်မြို့က Times Square ဟာလည်း လူသူကင်းမဲ့လုနီးပါးဖြစ်နေပါတယ်။  

နယူးယောက်က ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေကိုလည်း ပိတ်ထားဖို့ ဒါမှမဟုတ် အိမ်အရောက်ပို့ဆောင်ပေးကြဖို့သာ ညွှန်ကြားထားပါတယ်။

ကပ်ရောဂါဆိုက်ကပ်နေပေမယ့် အားလပ်ရက်မှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်ကြောင်း ရင်ပြင်ကိုလာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်အချို့က‌ပြောပါတယ်။

ဥရောပနိုင်ငံတွေအတိုင်း အမေရိကန်မှာလည်း စာသင်ကျောင်း၊ အများပြည်သူဆိုင်ရာအဆောက်အအုံနဲ့ ရုပ်ရှင်ရုံတွေကို ပိတ်ထားတာဖြစ်ပါတယ်။

နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှုး Phil Murphy က မလိုလားအပ်တဲ့ဈေးဆိုင်တွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို ည (၈) နာရီနောက်ပိုင်း ပိတ်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

နယူးဂျာစီပြည်နယ်မှာ ည (၈) နာရီနဲ့မနက် (၅)နာရီအကြား အရေးမကြီးတဲ့ သွားလာမှုတွေကို  အပြင်းအထန် တားမြစ်ထားပါတယ်။

မြို့ကြီးတွေမှာလည်း ဝန်ထမ်းတွေဟာ အိမ်ကနေသာ အလုပ်လုပ်နေကြပြီး စာသင်ကျောင်းတွေလည်း မဖွင့်တာကြောင့် ပျားပန်းခပ်လှုပ်ရှားနေခဲ့တဲ့ လမ်းမတွေဟာ အံ့ဩဖွယ် တိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။

နယူးယောက်မြို့က နိုက်ကလပ်၊ ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ကပွဲတွေကိုလည်း မတ်လ ၁၇ ရက်ကစပြီး ပိတ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတာဖြစ်ပါတယ်။

နယူးယောက်ရှိ ကျောင်းသား (၁.၁) သန်းခန့် ပညာသင်ကြားနေကြတဲ့ စာသင်ကျောင်းတွေကိုလည်း ဧပြီလ ၂၀ ရက်အထိ ပိတ်ထားဖို့ မြို့တော်ဝန် Bill de Blasio က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ Covid-19 ဗိုင်းရပ်စ်ကြောင့် ယနေ့အချိန်ထိ လူ ၉၁ ဦးသေဆုံးကာ ၄၀၀၀ ကျော် ရောဂါကူးစက်ခံထားရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required