လယ်သမားတစ်ယောက်ကြောင့် (၈)နှစ်လောက် လက်ဝှေ့မထိုးရပဲဖြစ်သွားနိုင်တဲ့ တိုင်ဆန်ဖြူရီ

လယ်သမားတစ်ယောက်ကြောင့် (၈)နှစ်လောက် လက်ဝှေ့မထိုးရပဲဖြစ်သွားနိုင်တဲ့ တိုင်ဆန်ဖြူရီ
Photo: EPA

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ကမှ ဝိုင်လ်ဒါကို အနိုင်ယူပြီး လက်ဝှေ့လောကရဲ့ တစ်ကျော့ပြန် အရှင်သခင်ဖြစ်လာသူ တိုင်ဆန်ဖြူရီ တစ်ယောက်ကတော့ ပြဿနာ အကြီးကြီးနဲ့ ရင်ဆိုင်နေရပါပြီ။

ဒါဟာ လယ်သမားတစ်ယောက်က စတင်လိုက်တဲ့ ကိစ္စဖြစ်ပြီး အခန့်မသင့်ရင် လက်ဝှေ့လောက ကနေ (၈)နှစ်လောက်အထိ ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်မျိုး ချမှတ်ခံရနိုင်တာပါ။

(၂၀၁၅)ခုနှစ်တုန်းက တိုင်ဆန်ဖြူရီ ဟာ တားမြစ်ဆေးသုံးစွဲထားကြောင်း တွေ့ရှိခဲ့တာကြောင့် လက်ဝှေ့လောက ကနေ (၂)နှစ် ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်မျိုး ချမှတ်ခံခဲ့ရတာပါ။ အဲဒီတုန်းက ဗြိတိန်ရဲ့ တားမြစ်ဆေးတိုက်ဖျက်မှု အေဂျင်စီဟာ တိုင်ဆန်ဖြူရီရဲ့ တားမြစ်ဆေးသုံးစွဲမှုကို ဖော်ထုတ်ဖို့ ပိုက်ဆံတွေအများကြီး အကုန်အကျခံကြိုးစားခဲ့ရပြီး အေဂျင်စီ ကိုယ်တိုင်တောင် ဒေဝါလီ ခံရလုနီးပါး ဖြစ်ခဲ့တာပါ။

ဒါပေမယ့် သူတို့ တိုိင်ဆန်ဖြူရီ ကို လုပ်နိုင်ခဲ့တာက ကြိုးဝိုင်းနဲ့ (၂)နှစ်တာ ဝေးကွာနေရမယ်ဆိုတဲ့ ပြစ်ဒဏ်လောက်ပါပဲ။

အဲဒါကလည်း လယ်သမားတစ်ယောက်နဲ့ ဆိုင်ပါတယ်။ အဲဒီတုန်းက တရားရုံးမှာ သက်သေထွက်ဆိုခဲ့တဲ့ မာတင် ကဲဖို့ ဆိုသူ လယ်သမားဟာ တိုင်ဆန်ဖြူရီ တို့ ညီအစ်ကိုနှစ်ယောက်ကို တောဝက်တစ်ကောင် ရောင်းချလိုက်တယ်လို့ ထွက်ဆိုခဲ့တာပါ။ တောဝက်တွေဆီကနေ ထွက်တဲ့ဓာတ်တစ်မျိုးကလည်း မူးယစ်ဆေးသုံးတဲ့အခါ စစ်ဆေးတွေ့ရှိတဲ့ ဓာတ်တစ်မျိုးနဲ့ တူတာကြောင့် ဖြူရီ တို့ ညီအစ်ကို နှစ်ယောက်က သူတို့ဟာ ဒီတောဝက်သားကို စားခဲ့လို့ အခုလို ဖြစ်ရတာ ဆိုပြီး အကြောင်းပြခဲ့ကြတာပါ။ ဒါကြောင့်လည်း တိုင်ဆန်ဖြူရီရဲ့ ပြစ်ဒဏ်က ဒီလောက်ထိ လျော့နည်းသွားခဲ့တာပါ။

အခုအချိန်မှာတော့ ဒီ လယ်သမားက တိုင်ဆန်ဖြူရီ တို့ ညီအစ်ကို ကို ပြန်ပြီး ဖော်ကောင်လုပ်နေပါပြီ။ တိုင်ဆန်ဖြူရီရဲ့ အစ်ကိုဖြစ်သူ ဟူဂီတို့ဟာ သူ့ကို ထွက်ဆိုချက်အမှားပေးဖို့ အကူအညီတောင်းခဲ့ပြီး အဲဒီအတွက် ပေါင်(၂၅၀၀၀)ပေးမယ်လို့ ကတိပေးခဲ့ကြောင်း မာတင် က ဖွင့်ဟလိုက်ပါတယ်။

ဒါပေမဲ့ ဒီ ညီအစ်ကို နှစ်ယောက်ဟာ သူတို့ပေးရမယ့် ပိုက်ဆံကို ပေးချေခြင်းမရှိပဲ ကတိပျက်ခဲ့ကြတာကြောင့် မာတင် တစ်ယောက် စိတ်နာနာနဲ့ အခုလို ဖွင့်ချလိုက်တာပါပဲ။

မာတင် ရဲ့ ပြောဆိုချက်ကြောင့် ဗြိတိန်ရဲ့ တားမြစ်ဆေးအေဂျင်စီဟာ သူတို့ရဲ့ အမှုဟောင်းကို ပြန်လည်တည်ဆောက်လိုက်ပြီး တိုင်ဆန်ဖြူရီ ကို ဒုတိယအကြိမ်မြောက် ပြန်လည်စစ်ဆေးဖို့ စီစဉ်နေပါပြီ။

ဒီတစ်ကြိမ်မှာတော့ ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးနဲ့ တိုင်ဆန်ဖြူရီ တစ်ယောက် ရင်ဆိုင်ရဖို့ရှိနေပြီး (၈)နှစ်လောက် လက်ဝှေ့လောက ကနေ နားရနိုင်တဲ့ ပြစ်ဒဏ်လောက်အထိတောင် ဖြစ်သွားနိုင်တာပါ။

ဖြူရီ ရဲ့ အသက်အရွယ်နဲ့သာဆိုရင် (၈)နှစ်လောက် နားရပြီး ပြစ်ဒဏ်က ကင်းလွတ်သွားတဲ့အခါ လက်ဝှေ့လောကထဲ ပြန်လည်ဝင်ရောက်ဖို့ မဖြစ်နိုင်တော့တာမို့ ဖြူရီ ရဲ့ ပရိသတ်တွေကတော့ ဒီသတင်းကို စိိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ကျရှုံးမှုတွေကနေ အမြဲလိုလို ရုန်းထွက်နိုင်ခဲ့တဲ့ Gipsy King ကြီးတစ်ယောက် အခုအချိန်မှာရော ဒီလယ်သမားရဲ့ ဖော်ကောင်လုပ်မှုကနေ ရုန်းထွက်နိုင်ဦးမလား..ဒါမှမဟုတ် လက်ဝှေ့လောက ကနေ အပြီးတိုင် နားသွားရမလားဆိုတာကတော့…….

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required