တရုတ်၏ ဒေသတွင်းနှင့်ကမ္ဘာ့အလယ် ရပ်တည်မှုအဆင့်ကို ခြိမ်းခြောက်နေသည့် ကိုရိုနာဗိုင်းရပ်စ်

တရုတ်၏ ဒေသတွင်းနှင့်ကမ္ဘာ့အလယ် ရပ်တည်မှုအဆင့်ကို ခြိမ်းခြောက်နေသည့် ကိုရိုနာဗိုင်းရပ်စ်
This aerial photo taken on March 10, 2020 shows an empty street in Wuhan in China's central Hubei province. Photo: AFP

မတ် ၁၆။               ။ တရုတ်နိုင်ငံသည် အမေရိကန်နှင့် ကာလရှည်ကြာ ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲပြီးနောက် ဆယ်စုနှစ်သုံးခုအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အနှေးကွေးဆုံးအနေအထားရောက်ရှိနေကာ ကိုရိုနာဗိုင်း ရပ်စ်ကပ်ရောဂါက ၎င်းတို့အတွက် စိန်ခေါ်မှုအသစ်တစ်ရပ်ပင်ဖြစ်သည်။ အဆိုပါဗိုင်းရပ်စ် သည် စီးပွားရေးအပေါ်အကျိုးသက်ရောက်သည့်အပြင် ဘေဂျင်း၏ ဂုဏ်သိက္ခာအပါအဝင် တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်သူအပေါ် ဖိနှိပ်ချုပ်ခြယ်မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။

မတ်လ ၁၆ ရက်အနေ့အထိ တစ်ကမ္ဘာလုံးတွင် Covid-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၀ ၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၆၅၀၀ ကျော်ရှိကာ တရုတ်နိုင်ငံအတွင်းမှာပင် ၃၂၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်သည်။

တရုတ်အာဏာပိုင်များက ပြဋ္ဌာန်းလိုက်သည့် သီးသန့်ထားစောင့်ကြည့်မှုများနှင့် ကန့်သတ်ထိန်းချုပ်မှုများက စီးပွားရေးကို ဆိုးဆိုးရွားရွား အဟန့်အတားဖြစ်စေပြီး အာရှနှင့်ကမ္ဘာကိုပါ သက်ရောက်စေခဲ့သည်။

တရုတ်အာဏာပိုင်များသည် ဝူဟန်နှင့်အခြားမြို့ကြီးများအပါအဝင် ဟူပေပြည်နယ်ရှိ လေဆိပ်များ၊ ဘူတာရုံများ၊အဝေးပြေးနှင့် ရေလမ်းကြောင်းများကိုပါ အဝင်အထွက်တားမြစ်ခဲ့သည်။

ရေကြောင်းကုန်သွယ်ရေးအချက်အချာဖြစ်သည့် ဟွမ်ကျိုးသည်လည်း ဟူပေပြီးလျှင် ဗိုင်းရပ်စ်ကူးစက်မှုဒဏ်အခံရဆုံးဖြစ်ကာ ကန့်သတ်ပိတ်ပင်မှုအခံရဆုံးဒေသများအနက်တစ်ခုဖြစ်သည်။

ကန့်သတ်ပိတ်ပင်မှုများ၏အကျိုးဆက်အဖြစ် တရုတ်စီးပွားရေး အဓိကကဏ္ဍများဖြစ်သည့် သယ်ယူပို့ဆောင်ရေး၊ လေကြောင်းလိုင်း၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှုလုပ်ငန်း၊ လက်လီရောင်း ခြင်း၊ အာမခံလုပ်ငန်းနှင့် ထုတ်ကုန်လုပ်ငန်းများကို များစွာ ထိခိုက်ခဲ့သည်။ တရုတ်နှစ်သစ်ကူးအပြီး ခရီးသွားမှတ်တမ်းများမှာလည်း ယမန်နှစ်ကထက် (၇၈) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမား သန်း (၃၀၀) ခန့် လုပ်ငန်းပြန်လည်ဝင်ရောက်မှု နှောင့်နှေးနေသည့်အချက်က သာဓကပြလျက်ရှိသည်။ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားအင်အား နည်းပါးလာသည့်အတွက် တရုတ်နှင့်နိုင်ငံခြားကုမ္ပဏီများသည် ထုတ်ကုန် လုပ်ငန်း  ပြန်စတင်ရန်  အခက်အခဲကြုံနေရသည်။

၂၀၁၇ ဇန်နဝါရီက တရုတ်ပြည်၏ စားသုံးသူတန်ဖိုးအညွှန်းကိန်းမှာ (၁.၅)၊ ၂၀၁၉ ခုနှစ်က (၂) နှင့် (၃) အကြား အသီးသီးရှိခဲ့ပြီး ယခုနှစ်၌ လိုအပ်သောပစ္စည်းများ သိမ်းဆည်းသိုလှောင်ကြမှုကြောင့် ဇန်နဝါရီလက (၅.၄) အထိ ခုန်တက်သွားခဲ့သည်။ လေကြောင်းလိုင်းများကလည်း ခရီးစဉ်များလျှော့ချခြင်းနှင့် ဖျက်သိမ်းခြင်းများပြုလုပ်ခဲ့ပြီး ကုန်သွယ်ရေးပြပွဲများနှင့် အားကစားပွဲများကို ရွှေ့ဆိုင်းပယ်ဖျက်ခြင်းများ လုပ်ခဲ့ရသည်။

ဗိုင်းရပ်စ်ကူးစက်ခံရသည့် ပြည်နယ်အများစု၌ အမေရိကန်ကုမ္ပဏီပေါင်း ၉၅၀၀ နီးပါးအပါအဝင် နိုင်ငံခြားသားပိုင်လုပ်ငန်းခွဲပေါင်း ၅၀ ၀၀၀ နီးပါး ရုံးစိုက်ထားကြသည်။ Hyundai ၊ Nissan ၊ Volkswagen၊ Toyota၊ General Motors ၊ Renaut နှင့် Honda ကဲ့သို့တရုတ်၏ ထောက်ပံ့ပစ္စည်းများကို မှီခိုနေရသော ကုမ္ပဏီကြီးများသည် ထုတ်လုပ်မှုနှင့် ရင်းမြစ်ကုန်ကြမ်းပစ္စည်းပြဿနာ ကြုံနေရသည်။

Apple အတွက် အီလက်ထရွန်နစ်ပစ္စည်းများကို အဓိကထုတ်လုပ်ပေးသော Foxconn ကုမ္ပဏီသည်လည်း  လကုန်ချိန်ရောက်သည့်တိုင် ပစ္စည်းထက်ဝက်ခန့်ပင် မထုတ်လုပ်နိုင်ဟု ဆိုသည်။

မနှစ်က တရုတ်နိုင်ငံ၏ GDP  တိုးတက်မှုနှုန်း  (၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၉၉၀ နောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်။ အမေရိကန်-တရုတ်ကုန်သွယ်ရေး အငြင်းပွားမှုအဆုံးမသတ်နိုင်ခြင်းနှင့်အတူ ကိုရိုနာဗိုင်းရပ်စ်၏ရိုက် ခတ်မှုကြောင့် ၂၀၂၀ ခုနှစ် ပထမသုံးလပတ်၌ GDP တိုးတက်မှုနှုန်း (၄.၅) ရာခိုင်နှုန်းထိ နိမ့်ကျနိုင်ကြောင်း ခန့်မှန်းထားကြသည်။

လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၀၃ ခုနှစ်က လူ (၈၁၃) ယောက် သေဆုံးခဲ့သော ပြင်းထန်အဆုတ်ရောင်ရောဂါ (SARS) ကို သေးသိမ်သွားစေသည်။ SARS ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တရုတ်တို့၏ စီးပွား ရေး တိုးတက်လာခဲ့ရုံသာမကဘဲ ကမ္ဘာ့နိုင်ငံများနှင့်ပါ စီးပွားရေးပူးပေါင်းလုပ်ဆောင်နိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ်က တရုတ်၏ GDP တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁.၆) ထရီလီယံရှိခဲ့ပြီး လက်ရှိအချိန်၌ (၁၃.၆) ထရီ လီယံ ရှိသည်။ ရင်းနှီးမြှုပ်နှံသူများအကြား စိုးရိမ်ကြောင့်ကြမှုများရှိနေပြီး အပြောင်းအလဲလုပ်လိုနေကြသည့်အတွက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါ် သက်ရောက်နိုင်ဖွယ်ရှိသည်။

ရှန်ဟိုင်းရှိ Jiangnan သင်္ဘောကျင်း၊ ဝူဟန်ရှိ Wuchang သင်္ဘောတည်ဆောက်သည့်ကုမ္ပဏီနှင့် PLA  ရေတပ်စက်မှုတက္ကသိုလ်နှင့် လျောင်နင်ရှိ Shenyang Aircraft Corp. များမှာလည်း  လုပ်ငန်းလည်ပတ်မှု ယာယီရပ် ဆိုင်းထားသောကြောင့် ကာကွယ်ရေးနယ်ပယ်ကဏ္ဍကိုလည်း ထိခိုက်ခဲ့သည်။ အဆိုပါလုပ်ငန်းများသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အတွက် အရေးပါသော ယူနစ်များဖြစ်သည့် လေယာဉ်တင်သင်္ဘော၊ ရေငုပ်သင်္ဘောနှင့် တိုက်လေယာဉ်များကို ထုတ်လုပ်ပေးသောကြောင့် PLA ၏ စီမံချက်များအပေါ် များစွာ ထိခိုက်စေမည်ဖြစ်သည်။

တရုတ်-ပါကစ္စတန်စီးပွားရေးစီမံကိန်းအတွက်  ပါကစ္စတန်၌ အခြေစိုက်နေထိုင်နေကြသော တရုတ်လူမျိုးအင်ဂျင်နီယာများနှင့်အလုပ်သမားမျာကိုလည်း ကျန်းမာရေးစစ်ဆေးရန် ဒေသခံများက တောင်းဆို  လျက် ရှိသည်။ တရုတ်နိုင်ငံသားများ လုပ်ငန်းခွင်ပြန်မဝင်မီ ရောဂါစစ်ဆေးစောင့်ကြည့်ရန်အတွက် ကရာချိမြို့၌ ယာယီဆေးရုံတစ်ရုံ တည်ဆောက်လျက်ရှိသည်။ ကရာချိမြို့ရှိ Thar ကျောက်မီးသွေးစက်ရုံ၌ အလုပ်လုပ် ကြသော တရုတ်လူမျိုး အလုပ်သမား (၇၀၀) ခန့်ရှိသည်။  

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လာသည်နှင့်အမျှ တရုတ်အပေါ် ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာပြီး အာဏာပိုင်များမှာလည်း ရောဂါထိန်းချုပ်ဟန့်တားနိုင်ရန် အသည်းအသန်ကြိုးပမ်းနေရရှာသည်။ ဘေကျင်းအစိုးရသည် အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ်သတင်းကို အမှောင်ချရန် ကြိုးစားခဲ့သောကြောင့် ဗိုင်းရပ်စ်ဆိုင်ရာအချက်အလက်အားလုံးနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် ပို၍ပင် ဖိအားပေးခံရနိုင်ပေသည်။ ယခုအချိန်အခါ၌ တရုတ်သည် ဒေသ တွင်းနှင့်ကမ္ဘာ့အလယ်တွင် ၎င်းတို့၏ရပ်တည်မှုအဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ရန်အလို့ငှာ ကုန်သွယ်ရေးနှင့် မျက်မြင်ဆုံးရှုံးနေမှုများကို ဟန်ချက်ညီစေရန်ကြိုးစားရမည်ဖြစ်ကာ စီးပွားရေးလုပ်ငန်း၌ ငွေကြေး ကဏ္ဍ ဆိုင်ရာမက်လုံး အများအပြားပေးရန်လိုအပ်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly