ဗုဒ္ဓဂါယာဘုရားဖူး နှစ်ထောင်ကျော်ကို မြန်မာနိုင်ငံသို့ပြန်ခေါ်မည်

ဗုဒ္ဓဂါယာဘုရားဖူး နှစ်ထောင်ကျော်ကို မြန်မာနိုင်ငံသို့ပြန်ခေါ်မည်

ရန်ကုန်၊ မတ် ၁၆။               ။ ကမ္ဘာ့ကူးစက်မြန်ရောဂါ Covid-19 ကူးစက်ပျံ့နှံ့မှုကိုကာကွယ်ရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် ဗုဒ္ဓဂယာဘုရားဖူး နှစ်ထောင်ကျော်ကို မြန်မာနိုင်ငံသို့ပြန်ခေါ်ရန်စီစဉ်နေသည်။

Covid-19 ကူးစက်ပျံ့နှံ့မှုကိုတားမြစ်နိုင်ရန်  အိန္ဒိယအစိုးရက သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး အိန္ဒိယဗီဇာရယူထားသူများကို  မတ်၁၃ မှ ဧပြီ ၁၅ အထိ   အိန္ဒိယနိုင်ငံအတွင်းဝင်ရောက်ခြင်းကိုပိတ်ပင်လိုက်ပြီးနောက် ပြန်လည်ခေါ်ယူရန် စီစဉ်ရခြင်းလည်းဖြစ်သည်။

“ ဧပြီ ၁၅ မှပဲ သူတို့ပြန်ဖွင့်ပေးမှာ လက်ရှိနောက်ဆုံးအခြေအနေပေါ့။ အဲ့ဒီ့အချိန်မှာ အရမ်းပြင်းထန်နေရင်တော့ တစ်ခုခုထပ်ပြီးထုတ်ပြန်လောက်တယ်ရှင့် “ ဟု ခင်နန္ဒာဗုဒ္ဓဂါယာ ဘုရားဖူးအဖွဲ့တည်ထောင်သူ မခင်နန္ဒာက မဇ္ဈိမသို့ပြောသည်။

ထို့သို့အိန္ဒိယအစိုးရမှ ဘုရားဖူးအပါအဝင် နိုင်ငံတွင်းဝင်ရောက်မှုများကိုပိတ်ပင်ခဲ့သောကြောင့် ခရီးသွားလုပ်ငန်းများအနေဖြင့် လက်ခံထားသည့်ခရီးစဉ်များကိုပါ ငွေပြန်အမ်းပေးနေရကြောင်းလည်း ၎င်းကဆိုသည်။

မတ်လ ၁၂ ရက်မှစတင်ကာ မတ်လ ၂၂ ရက်နေ့အတွင်း MAI, MNA, Air India လေယာဉ်လိုင်းတို့ဖြင့် ဘုရားဖူး ခရီးသည် ၂၅၄၈ ဦးကိုပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ဗုဒ္ဓဂါယာဘုရားဖူးစေလွှတ်ရေးလုပ်ငန်းကော်မတီမှထုတ်ပြန်ခဲ့သည်။

ထို့အပြင် အိန္ဒိယ -    နီပေါ  နယ်စပ်ဖြစ် သော ဆူနောလီဂိတ်မှ နီပေါနိုင်ငံသို့ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့များ   ဝင်ရောက်ခြင်း မပြုရန်နှင့် နီပေါနိုင်ငံသို့ရောက်ရှိပြီးသော ဘုရားဖူးအဖွဲ့များလည်း     အိန္ဒိယနိုင်ငံအတွင်းသို့ မတ်လ  ၁၂ ရက်  နောက်ဆုံး ထား ၍ဝင်ရောက်ကြရန်    ဗုဒ္ဓဂယာဘုရားဖူး လုပ်ငန်းကော်မတီမှ   မတ်  ၁၂ ရက်တွင်  ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

Covid-19 ဗိုင်းရပ်ကို  တားမြစ်နိုင်ရန် ၎င်းတို့အစိုးရမှ လေကြောင်း၊ ကုန်းကြောင်း၊  ရေကြောင်း၊  နယ်စပ်ဂိတ်များ အပါအဝင် အိန္ဒိယနိုင်ငံ အတွင်းသို့ ဝင်ရောက်သည့် ဝင်ပေါက်များ ကို  ပိတ်ပင်ထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required