လက်ကမ်းဖို့ ကြိုးစားနေတဲ့ ပရိသတ်တွေကို ဆဲဆိုခဲ့တဲ့ ကလော့ပ်ရဲ့ဗီဒီယို ပြန်ပြီးနာမည်ကြီးနေ

လက်ကမ်းဖို့ ကြိုးစားနေတဲ့ ပရိသတ်တွေကို ဆဲဆိုခဲ့တဲ့ ကလော့ပ်ရဲ့ဗီဒီယို ပြန်ပြီးနာမည်ကြီးနေ

ၿပီးခဲ့တဲ့ မတ်လ (၁၂)ရက်က ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ အက်သလက်တီကို အသင်းတို့ရဲ့ ပွဲစဉ်မှာ လီဗာပူးလ်ပရိသတ်တွေကို ဆဲဆိုခဲ့တဲ့ ဂျာဂန်ကလော့ပ်ရဲ့ ဗီဒီယိုလေးက ဆိုရှယ်မီဒီယာပေါ်မှာ ပြန်လည်ပြီး ခေတ်စားလာခဲ့ပါတယ်။

လီဗာပူးလ်က အက်သလက်အသင်းကို အချိန်ပိုမှာ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ အဲဒီပွဲစဉ်မှာ ကွင်းထဲ ဝင်ရောက်လာတဲ့ ကလော့ပ်ကို ပရိသတ်တွေက လက်ဆွဲနှုတ်ဆက်ဖို့ ပွဲကြည့်စင်ကနေ လက်တွေကမ်းနေခဲ့တာပါ။

ဒါပေမယ့်လည်း ကလော့ပ်က ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လက်ကနေ ကူးစက်ဖို့ လွယ်တာကြောင့် လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားနေတဲ့ ပရိသတ်တွေကို ငတုံးတွေ တော်ကြစမ်း ဆိုပြီး ဆဲဆိုသွားခဲ့တာပါ။

“လက်တွေကို ဝေးဝေးမှာထားကြစမ်း…စောင်ငတုံးတွေ” ဆိုတဲ့ ဆဲဆိုသံ ဗီဒီယိုက စက္ကန့်အနည်းငယ်သာ ကြာခဲ့ပေမယ့် ကြည့်ရှုသူက (၇)သန်းကျော်အထိ ရှိခဲ့ပါတယ်။

လီဗာပူးလ်အသင်း ပရိသတ်တွေကတော့ သူတို့နည်းပြကြီးကို စိတ်ဆိုးဖို့ မပြောနဲ့ ကြမ်းတမ်းတဲ့ ဝေဖန်မှုတွေကိုတောင် မလုပ်ခဲ့ကြပဲ ကလော့ပ်ဟာ ပရိသတ်တွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်ပေးနေတာလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

အဲဒီပွဲစဉ်မှာ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက အချိန်ပို ဂိုးတွေနဲ့ အက်သလက်တီကို ကို ရှုံးခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် ကလော့ပ်ရဲ့ ဒီ အမူအရာလေးကတော့ ပရိသတ်တွေကြားမှာ ပြောမဆုံးနိုင်အောင် ဖြစ်ခဲ့ရတာပါ။

အမြဲတမ်း ပွင့်ပွင့်လင်းလင်းနဲ့ ခပ်ကြမ်းကြမ်းပြောလေ့ရှိတဲ့ ဂျာမန်လူမျိုး မန်နေဂျာကြီးက မနေ့က ညနေပိုင်းမှာ လီဗာပူးလ်အသင်း ပရိသတ်တွေအတွက် စာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး ပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိတ်မပူကြပဲ ကိုယ့်ကျန်းမာရေးကိုသာ ဂရုစိုက်ဖို့နဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ဘယ်သူမှ ရောဂါကူးစက်မခံရအောင် ဂရုစိုက်ပေးကြဖို့ မေတ္တာရပ်ခံသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly