Covid-19 ဂယက်ကြောင့် ပစ္စည်းရှားပါးပြတ်လပ်မည်မဟုတ်ဟု ထရမ့်အာမခံ

Covid-19 ဂယက်ကြောင့် ပစ္စည်းရှားပါးပြတ်လပ်မည်မဟုတ်ဟု ထရမ့်အာမခံ

မတ် ၁၆။         ။ Covid-19  ကပ်ရောဂါကြောင့် အမေရိကန်ပြည်ထောင်စုရှိ စူပါမားကတ်များမှာ ပစ္စည်းများအလုအယက်ဝယ်နေကြပေမယ့် ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် (Supply Chain) ထိခိုက်ခြင်းမရှိဘဲ စား သောက်ကုန်တွေ အလုံအလောက်ရှိတယ်လို့ ထရမ့်အစိုးရအဖွဲ့က အာမခံကာ ပြောကြားလိုက်ပါတယ်။

ထရမ့်က “ခင်ဗျားတို့အနေနဲ့အများကြီးဝယ်စရာ မလိုပါဘူး၊ စိတ်အေးအေးထားကြပါ၊ လူတွေက သာမန်ဝယ်တာထက် သုံးဆကနေ ငါးဆလောက်ပိုဝယ်နေပေမယ့် ပစ္စည်းရှားပါးပြတ်လပ်သွားတာ မရှိပါဘူး” လို့ Walmart နဲ့ Costco တို့လို အမေရိကန် စူပါမားကတ်ကုမ္ပဏီက အမှုဆောင်အရာရှိချုပ်တွေနဲ့ ဆွေးနွေးပြောဆိုအပြီး ဝါရှင်တန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ထရမ့်ရဲ့ စီးပွားရေးအကြံပေးဖြစ်သူ Larry Kudlow က အမေရိကန်ပြည်ထောင်စုမှာထောက်ပံ့ဖြည့်ဆည်းမှုကောင်းကြောင်း၊ စီးပွားရေးစိန်ခေါ်မှုကြီး ရှိနေပေမယ့် ပြည်သူအများစု အလုပ်လုပ်နေဆဲဖြစ်ကြောင်း၊ စက်ရုံတွေလည်း လည်ပတ်နေဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နို့ထွက်ပစ္စည်းနဲ့ သားငါးထုတ်လုပ်ရောင်းချသူများအနေဖြင့်လည်း လုပ်ငန်းပုံမှန်လည်ပတ်နေပြီး ရောင်းအားမြင့်နေတဲ့ကြောင်း New York Times မှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရစ်ပ် ကပ်ဆိုက်ချိန်မှာ အမေရိကန်ဗဟိုဘဏ်ကလည်း ငွေကြေးကဏ္ဍပုံမှန်လည်ပတ်စေနိုင်ဖို့ တနင်္ဂနွေနေ့က ဘဏ်အတိုးနှုန်းကို သုည ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့တဲ့အတွက် ထရမ့်က ချီးကျူးပြောဆို ခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly