နိုင်ဂျီးရီးယားဓာတ်ငွေ့စက်ရုံ ဂက်စ်အိုးပေါက်ကွဲမှုဖြစ် လူ ၁၅ ဦးသေဆုံး

နိုင်ဂျီးရီးယားဓာတ်ငွေ့စက်ရုံ ဂက်စ်အိုးပေါက်ကွဲမှုဖြစ် လူ ၁၅ ဦးသေဆုံး

မတ် ၁၆။        ။ နိုင်ဂျီးရီးယားနိုင်ငံ လိုဂိုစ်မြို့ရှိ  ဓာတ်ငွေ့စက်ရုံ၌ ယမန်နေ့က ဂက်စ်အိုးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ အနီးရှိ အဆောက်အအုံ ၅၀ ခန့် ပျက်စီးသွားခဲ့ပါတယ်။

မတ်လ ၁၅ ရက် ဒေသစံတော်ချိန် မနက် ၈ နာရီလောက်က ဓာတ်ငွေ့စက်ရုံဝန်းအတွင်းမှာ ဆင့်စီထားတဲ့ ဂက်စ်အိုးတွေကို ကုန်တင်ကားတစ်စီးဝင်တိုက်မိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ နိုင်ဂျီးရီးယားဓာတ်ငွေ့လုပ်ငန်း (NNPC) က ပြောပါတယ်။

ပေါက်ကွဲမှုဟာ အရမ်းပြင်းထန်တာကြောင့် စက်ရုံအနီးမှာရှိတဲ့ အိမ်တွေပြိုကျခဲ့သလို ဓာတ်ငွေ့ပိုက်လိုင်းတွေလည်း ပျက်စီးသွားခဲ့ပါတယ်။

စက်ရုံအနီးမှာ ကျောင်းနဲ့ လူနေရပ်ကွက်လည်းရှိပြီး ကုန်စည်ပြပွဲတစ်ခုလည်း ကျင်းပနေချိန်ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားမှာ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ဆီသယ်ယာဉ်ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ တစ်ရက်ကို ရေနံစည်ပေါင်း ၂ သန်းဝန်းကျင် ထုတ်လုပ်နိုင်ကာ အာဖရိကမှာ လောင်စာဆီအများဆုံးထုတ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်ပေမယ့် ပြည်သူတွေ ဆင်းရဲတွင်းနက်လျက်ရှိပါတယ်။

ပိုက်လိုင်းတွေကနေ ဓာတ်ဆီ လောင်စာဆီတွေကို ခိုးထုတ်ဖို့ကြိုးစားရာက မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပြီး လမ်းပိုင်းအရည်အသွေးမကောင်းတဲ့အတွက်လည်း ကားမတော်တဆမှုတွေဖြစ်လေ့ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly