ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိကျေးရွာအချို့ လက်နက်ကျည်သင့်၍ ဒေသခံသေဆုံးမှု ၁၂ဦးရှိလာ

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိကျေးရွာအချို့ လက်နက်ကျည်သင့်၍ ဒေသခံသေဆုံးမှု ၁၂ဦးရှိလာ

မတ်လ ၁၅။                ။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိကျေးရွာအချို့တွင် လက်နက်ကျည်သင့်သဖြင့် ဒေသခံပြည်သူသေဆုံးမှုသည် ၁၂ဦး အထိရှိလာပြီ ဖြစ်ကြောင်းချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ် (၁၂)၏ ကိုယ်စားလှယ် ဆလိုင်းမျိုးထက်ကပြောသည်။

“အခုဒီမနက်က ၇နှစ်အရွယ် မိန်းကလေးတစ်ယောက်လည်းမနေ့ကသေတဲ့ထဲမှာပါသွားတယ် ဆိုတော့ အခုကသေဆုံးစာရင်းက ၁၂ယောက်ရှိမှာပေါ့။ ၁၂ယောက်ဆိုတော့ ယောကျားလေးက ၈ယောက်၊ မိန်းကလေးက ၄ယောက်။ နောက် လူနာကဆမီးတိုက်နယ် ဆေးရုံမှာပို့ထားတာက ၁၂ယောက်ပို့ထားတယ်။” ဟုဆလိုင်းမျိုးထက်ကဆိုသည်။

မတ်လ ၁၄ရက် ညပိုင်းကဆမီးမြို့တိုက်နယ်ဆေးရုံသို့ လူနာ၁၂ယောက်ပို့ရာတွင် မိန်းကလေး၄ယောက်နှင့် ယောကျ်ားလေး ၄ယောက်၊ စုစုပေါင်း ၈ယောက်ကို ဆေးဝါးနှင့် ခွဲစိတ်ကိရိယာများ၊ ဆရာဝန်မလုံလောက်မှုတို့ ကြောင့် မတူပီမြို့နယ်ဆေးရုံ သို့ ပို့လိုက်ကြောင်းဆလိုင်းမျိုးထက်ကဆိုသည်။

ထိုလူနာ၈ယောက်မှ သုံးယောက်သည် အခြေအနေစိုးရိမ်ရသည့် အတွက် မင်းတပ်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းဆလိုင်းမျိုးထက်က နေ့လည်တစ်နာရီခန့်ကမဇျ္စိမကိုပြောသည်။

“၁၂ယောက်ပို့တဲ့ထဲမှာ မနေ့ညကဆမီးတိုက်နယ်ဆေးရုံကနေမိန်းကလေး ၄ယောက်နဲ့ ယောကျ်ားလေး ၄ယောက်၊ စုစုပေါင်း ၈ယောက်ကို ဆေးကမစုံတော့ ဆမီးကတိုက်နယ်ဆေးရုံဆိုတော့ ပလက်ဝကလည်း ၂၅ ကုတင် ဆိုတော့ ပါရဂူမရှိတော့ မတူပီကိုအကူအညီတောင်းပြီးမတူပီဘက်ကကားနှစ်စီးနဲ့ လာကြိုပေးတယ်။ နောက်ဒီဘက်ကကားတစ်စီးနဲ့ စုစုပေါင်း ကား၃စီးနဲ့ မနေ့ကလူနာတွေရောလူနာစောင့်တွေရောမနေ့က ၈ယောက် ပို့လိုက် တယ်။ ဒီကနေ့ မနက်မှာမတူပီရောက်တယ်။ ၈ယောက်ထဲကနေ နောက်ထပ်၃ယောက်က စိုးရိမ်ရတဲ့အတွက် မင်းတပ်ထပ်ပို့လိုက်တယ်။ အခုမင်းတပ်မရောက်သေးဘူး။ လမ်းမှာပဲရှိသေးတယ်။” ဟုဆလိုင်းမျိုးထက်ကဆိုသည်။

ချင်းပြည်နယ်အစိုးရကိုလည်းအကူညီတောင်းထားပြီးလက်ရှိတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာလုပ်ဆောင်နေကြောင်းဆလိုင်းမျိုးထက်ကဆိုသည်။

“အစိုးရကလည်းကူညီပေးမယ်ပြောထားပါတယ်။ အခုကတော့ အရပ်ဘက်နဲ့ပြည်သူတွေပေါင်းပြီးဆောင်ရွက်နေပါတယ်။ သူတို့ကူညီမယ်ဆိုတာတော့ ဘယ်အတိုင်းအတာထိကူညီနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။” ဟုသူကဆိုသည်။

ပလက်ဝမြို့နယ်၊ ဝက်မကျေးရွာအုပ်စုတွင် မီးစာဝ(၁)၊ မီးစာဝ(၂)၊ မီးစာဝ(၃) ဟုကျေးရွာ ၃ရွာရှိပြီး မီးစာဝ(၂)နှင့်(၃)ကျေးရွာ နှစ်ခုကို မတ်လ၁၄ရက် မနက်ပိုင်းကလေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခြင်းခံခဲ့ရကာအဆို ပါကျေးရွာ နှစ်ရွာပေါင်းအိမ်ခြေ ၁၀၀ကျော်မှ ဒေသခံများသည် မီးစာဝ(၁) ကျေးရွာသို့ပြောင်းရွေ့နေထိုင်လျှက်ရှိကြောင်းသိရသည်။

ဝက်မကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမောင်စံသာကလည်း “ဒီနေ့တိုက်ပွဲတော့ မဖြစ်ဘူး။ လက်နက်ကြီးသံကလည်း အဝေးကြီးမှာပဲကြားတယ်။ ကျွန်တော်တို့ နီးနီးနားနားမှာတော့ မကြားဘူးဗျ။ ကျွန်တော်တို့ မီးဇာ၀ (၁) မှာနေပါတယ် ခင်ဗျ၊စုရပ်ကအထက မီးဇာ၀ ကျောင်း၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု ဘုန်းကြီးကျောင်း၊ ဓမ္မာရုံမှာပဲစုထားပါတယ်။ မနေ့က လူဦးရေ၆၀၀ကျော်ရှိပါတယ်။ ဒီနေ့ ကိုယ်အစီအစဉ်နဲ့ကိုယ် အထက်ပိုင်းကို ထွက်သွား တဲ့သူတွေရှိတဲ့ အတွက် လက်ရှိခန့်မှန်းပြောရင် လူ ၄၀၀ သာသာလောက်ရှိမယ်။ ဆမီးဘက်နဲ့ နီးစပ်ရာဘက်ကိုရွေ့သွားကြတာ။” ဟုဆိုသည်။

တိုက်ပွဲရှောင်စခန်းပုံစံစုပြီး မီးစာဝ(၁) တွင် လူဦးရေ၄၀၀ကျော်စုနေထိုင်လျှက်ရှိပြီး မီးစာဝရွာ(၁)၊(၂)၊(၃) အပြင် မီးစာဝ(၂) ၏ အောက်ဘက်တွင်ရှိသော ပြိုင်တိန်ကျေးရွာက လူများလည်းလာရောက် နေထိုင်လျှက် ရှိကြောင်း ဦးမောင်စံသာကပြောသည်။

“သွားလာရေးဖြတ်တောက်ခံရတာတစ်လကျော်ပါပြီ။ ဒီမှာစားနပ်ရိက္ခာဘာမှမရှိတော့ပါဘူးခင်ဗျ။ ဆန်၊ဆီ၊ ဆားဘာမှမရှိတော့ပါဘူး။ အဲဒီလိုကျပ်ကျပ်တည်းတည်းဖြစ်နေတဲ့ အချိန်မှာတိုက်ပွဲတွေဖြစ်နေတော့ ရေရှည်မှာ တော်တော်လေး အန္တရာယ်ရှိပါတယ်ခင်ဗျ။ တတ်နိုင်ရင်တော့ပစ္စည်းလေးတွေမြန်မြန်ရောက်လာရင်တော့ လုံခြုံမယ်လို့ ထင်ပါတယ်ခင်ဗျ။ အခုလက်ရှိမှာတော့ မသေရုံတစ်မယ်စားနေရပါတယ်ခင်ဗျ။” ဟုဦးမောင်စံ သာကဆိုသည်။

လက်ရှိတွင် အစိုးရထောက်ပံမှုများမရရှိသေးကြောင်းနှင့် ပစ်ခတ်မှုများသည် တပ်မတော်၏ ပစ်ခတ်မှုများဖြစ်ကြောင်းဦးမောင်စံသာကပြောသည်။

တပ်မတော်၏ ပစ်ခတ်မှုကြောင့် ဆိုခြင်းအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဌဗိုလ်ချုပ်ထွန်းညီညီကမတ်လ ၁၄ရက်က ငြင်းဆိုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required