အလုပ်ရှင်ထွက်ပြေး၍ လစာမရဘဲဖြစ်နေသောအလုပ်သမားများ၏ အခက်ခဲပြဿနာ

အလုပ်ရှင်ထွက်ပြေး၍ လစာမရဘဲဖြစ်နေသောအလုပ်သမားများ၏ အခက်ခဲပြဿနာ
ဓာတ်ပုံ - နောင်နောင်

မတ် ၁၅။          ။ အထည်ချုပ် လုပ်သားများအနေဖြင့် စက်ရုံရှေ့တွင် တဲထိုးစုရုံးပြီးလုပ်ခလစာရရှိရေးတောင်းဆိုနေကြသည်မှာတစ်ပတ်နီးပါးကြာမြင့်လာသည့်အတွက် စားဝတ်နေရေးအခက်ခဲများနှင့် ရင်ဆိုင်နေကြရသည်။

လစာမရ သေးသည့်အထည်ချုပ် အလုပ်သမားတစ်ဦးဖြစ်သူမရီရီဝင်းရွှေက “အခုကျွန်မတို့ ဆိုလို့ရှိရင် ၂ လပိုင်းလစာလည်းမရသေးဘူး။ အခု (၃) လပိုင်းမှာလတဝက်ကျိုးနေပြီ။

အဲဒီအတွင်းမှာကလေးတွေကလုံးဝစားဝတ်နေရေးအဆင်မပြေဘူး။ တချို့အဆောင်နေသမားတွေ၊ နယ်ကလာတဲ့ ကလေးတွေဆိုလို့ရှိရင် အဆောင်မှာမနေရတော့ဘူး။ အဆောင်မှာမနေရတဲ့ ကလေးတွေကစက်ရုံ ရှေ့မှာ မဏ္ဍပ်ထိုးပြီးစက်ရုံရှေ့မှာလာနေကြတယ်။ ဒီမဏ္ဍပ်ထိုးပြီးနေတယ်ဆိုတာကလည်းဆန္ဒပြနေတာမဟုတ်ဘူး။ သပိတ်မှောက်နေတာမဟုတ်ဘူး။ ဒီပိုက်ဆံလေးတွေကိုဘယ်သူကအဆင်ပြေအောင် လုပ်ပေးမှာလည်း။ ညှိနှိုင်းပေးမလဲဆိုတာကိုလာပြီးစောင့်နေကြတာ။” ဟုပြောသည်။

အဆိုပါ စက်ရုံပိုင် ပစ္စည်းများကိုလေလံတင်ရောင်းချပြီးအလုပ်သမားများ၏ လုပ်ခလာစာကိုဥပဒေအရခံစားခွင့်ရှိသည့်အတိုင်းခံစားခွင့်ရအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဒေါ်မိုးမိုးစုကြည်ကပြောကြားထားသည်။

ဓာတ်ပုံ - နောင်နောင်

ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ကတရုတ်နိုင်ငံသားပိုင် Su Xing အထည်ချုပ်စက်ရုံနှင့် ရွှေပြည်သာမြို့နယ်ရှိMyanmar Royal Apoalloစက်ရုံကလုပ်ငန်းရှင် နှစ်ဦးသည် ပြီးခဲ့သည့် မတ်လ (၅) ရက်နေ့ကစက်ရုံဝန်ထမ်းများကိုလုပ်ခလစာမပေးဘဲထွက်ပြေးတိမ်းရှောင် သွားခဲခြင်းဖြစ်သည်။

ထိုလုပ်ငန်းရှင်နှစ်ဦးထွက်ပြေးတိမ်းရှောင် နေကြသည့်အတွက် စက်ရုံဝန်ထမ်း ၈၀၀ နီးပါးသည် လက်ရှိအချိန်ထိလုပ်ခလစာမရသေးဘဲစားဝတ်နေရေးအခက်အခဲဖြစ်နေကြခြင်းဖြစ်ကြောင်းအလုပ်သမားများကပြောသည်။

Myanmar Royal Apoalloစက်ရုံဝန်ထမ်းဖြစ်သူဒေါ်မြင့်မြင့်က “ကျွန်မဆိုရင် အခုအိုးပြေး၊ အိမ်ပြေးနဲ့ ဒီကိုလာနေခဲ့ရတာပါ။ ကျွန်မတို့အဖွဲ့ကဆန္ဒပြခြင်းမဟုတ်ပါဘူး။ အားလုံးဟာကိုယ့်ရဲ့လုပ်ခလေးတွေရဖို့အတွက် လာခဲ့ခြင်းဖြစ်ပါတယ်။ အားလုံးကူညီပေးကြပါ။ ကျွန်မဆိုရင် အခု ကျွန်မရဲ့လုပ်ခလစာကိုမိသားစုတွေဝိုင်းဝန်းပြီးစားနေရတဲ့ဘဝဖြစ်ပါတယ်။ ဒီနေဆိုရင် အိမ်မှာစားစရာလုံးဝမရှိပါဘူး။ ခုနကမှ ကျွန်မပြန်ပြီးတော့ ချေးငှား ပြီးအိမ်ကိုလုပ်ပေးရအုံးမှာပါ။”ဟုပြောသည်။

ဓာတ်ပုံ - နောင်နောင်

စက်ရုံလုပ်သားအများစုမှာဒေသတွင်းအလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေရရှိမှုနည်းပါးမှုများကြောင့် ရန်ကုန်မြို့တွင်ရှိသောစက်ရုံ၊ အလုပ်ရုံများတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေကြသူများဖြစ်သည်။
ယင်းအနက် အများစုမှာ ၎င်းတို့ရသည့် လုပ်ခလစာထဲကတချို့တဝက်ကိုနယ်မှာကျန်နေခဲ့သောမိသားစုဝင်များအတွက် လစဉ်ပြန်လည်ထောက်ပံ့နေကြရကြောင်းသိရသည်။

လက်ရှိမှာတော့ ယခုအလုပ်သမားများ၏ စားဝတ်နေရေးကိုအလုပ်သမားအခွင့်အရေးလှုပ်ရှားသူများနှင့် နိုင်ငံရေးပါတီတချို့ကဆန်များလာရောက် လှူဒါန်းသည်ကိုတွေ့ရသည်။

အထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ယာယီတာဝန်ခံမမိုးစန္ဒာမြင့်က “အခုကျွန်မတို့ လျာထားတာကတရုတ်သံရုံးကို ကျွန်မတို့သွားမယ်။ သူ့ရဲ့နိုင်ငံသားကတာဝန်ယူမှုတာဝန်ခံမှုမရှိတာကို ကျွန်မတို့သွားပြောမယ်။ ကျွန်မတို့ အဖွဲ့မှာဆိုရင် အဖွဲ့ပေါင်း (၂၀) ကျော် ရှိတယ်ပေါ့နော်။ ဒီ Su Xing အနေနဲ့ဆိုရင်။ ဒီလိုမျိုးအခြေခံသမဂ္ဂအဖွဲ့တွေနဲ့လည်းမြို့တော်ခန်းမရှေ့လောက် သွားပြီးတော့ တရားဝင် ငြိမ်းစုစီလုပ်တာလေးလဲလုပ်မယ်။ လောလောဆယ် အဲဒီ (၂) ချက်ရှိတယ်။ အသေးစိတ်ကိုတော့ ကျွန်မတို့ အခုတိုင်ပင်မယ်ပေါ့နော်။”ဟု  ပြောသည်။

အလုပ်သမားများလုပ်ခလစာမရဘဲဖြစ်နေသည်နှင့် ပတ်သက်ပြီးမကြာခင်မှာတရုတ်သံရုံးကတာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံပြီးအလုပ်သမားများလုပ်ခလစာနှင့် နစ်နာကြေးရရှိအောင် လုပ်ဆောင်သွားရန် ရှိကြောင်း လည်းအလုပ်သမားအရေးလှုပ်ရှားနေသူများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly