ကိုရိုနာဗိုင်းရပ်စ်ကုသရေးပစ္စည်းကျပ်သိန်း၂၃၀၀ ကျော်ဖိုး စီးပွားရေးလုပ်ငန်းရှင်များလှူဒါန်း

ကိုရိုနာဗိုင်းရပ်စ်ကုသရေးပစ္စည်းကျပ်သိန်း၂၃၀၀ ကျော်ဖိုး စီးပွားရေးလုပ်ငန်းရှင်များလှူဒါန်း
Photo - အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန

မတ် ၁၅၊ ရန်ကုန်။            ။ ကိုရိုနာဗိုင်းရပ်စ် (Covid 19)ရောဂါ မြန်မာနိုင်ငံတွင် တွေ့ရှိလာပါကအသုံးပြုရန်လိုအပ်သည့် ဆေးရုံသုံးပစ္စည်းကိရိယာများကိုစီးပွားရေးလုပ်ငန်းရှင်များက ကျန်းမာရေးဝန်ကြီးဌာနသို့မတ်လ ၁၄ရက်နေ့က လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ရွှေတောင် ဆောက်လုပ်ရေး၊ ၊GGI Tokio Marine၊ GGI NIPPON Lifeစသည့်  စီးပွားရေးလုပ်ငန်း (၉)ခုအပါအဝင် အဖွဲအစည်းများ၊ မိသားစုများကကျပ် ၇၅သိန်း တန်ဖိုးရှိသောအသက်ရှူစက် (Ventilator) ၄လုံးအပါအဝင် စုစုပေါင်းကျပ် (၂၃၂၅) သိန်းကိုလှူဒါန်းခဲ့ကြသည်။

“ထိုလှူဒါန်းမှုမျိုးသည်အမှန်တကယ်လိုအပ်နေသည့်အချိန်တွင်အမှန်တကယ်လိုအပ်သည့်နေရာသို့လှူဒါန်းခြင်းဖြစ်ပြီးကူးစက်ရောဂါအမျိုးမျိုးအပါအဝင်လူနာများအားကိုင်တွယ်ကုသနေရသည့်ကျန်းမာရေးဝန်ထမ်းများအတွက်များစွာအထောက်အကူပြုအကျိုးရှိစေနိုင်မည်”ဟုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြင့်ထွေးကပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် လူနာတစ်ဦးမျှ မတွေ့ရှိရသေးသော်လည်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်Covid -19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့် လုပ်ဆောင်လျှက်ရှိကြောင်းဆိုသည်။

ထိုသို့ အရှိန်အဟုန်မြှင့်လုပ်ဆောင်ရာတွင် ဆေးရုံပိုင်းဆိုင်ရာကုသရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုသည် အရေးကြီးကြောင်းပြည်ထောင်စုဝန်ကြီးဒေါက်တာ မြင့်ထွေးကဆိုသည်။

အဆိုပါ ဆေးရုံသုံးပစ္စည်းကိရိယာများနှင့် လှူဒါန်းငွေများကိုကိုရိုနာဗိုင်းရပ်စ် (Covid 19) ကပ်ရောဂါကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်လာပါကရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုပေးရာ၌အသုံးပြုသွားမည်ဟုသိရသည်။

ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရမတ်လ ၁၄ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲလူနာ (၃) ဦးအားသက်ဆိုင်ရာဆေးရုံများတွင်စောင့်ကြပ်ကြည့်ရှုကုသမှုပေးနေကြောင်း ထုတ်ပြန်ထား သည်။

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly