ကျောင်းဆရာမအား ပစ်သတ်ခဲ့သည့် မိုင်းဖိုးစိန်ကို TNLA က ထောင်ဒဏ်နှစ် ၂၀ ချမှတ်

By စိုင်းဦး
14 March 2020
ကျောင်းဆရာမအား ပစ်သတ်ခဲ့သည့် မိုင်းဖိုးစိန်ကို TNLA က ထောင်ဒဏ်နှစ် ၂၀ ချမှတ်
ပုံ- သေဆုံးသွားသော ကျောင်းဆရာမ လွေးမြမွေးအောင်(တအာင်းအမျိုးသမီးအဖွဲ့အစည်း)

ရန်ကုန်၊ မတ် ၁၄။          ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွက်ခိုင်မြို့နယ် ဟွေခုတ်ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသော  ကျောင်းဆရာမ လွေးမြ မွေးအောင်ကို ပစ်သတ်ခဲ့သည့် TNLA တပ်ဖွဲ့ဝင် မိုင်းဖိုးစိန်ကို TNLA က ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ (၃၀၂)အရ ထောင်ဒဏ် အနှစ်၂ဝ ချမှတ်လိုက်သည်ဟု TNLA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြော သည်။

အဆိုပါ ဖြစ်စဉ်မှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပြစ်မှုကျူးလွန်သူ မိုင်းဖိုးစိန်ကို အခင်းဖြစ် ပွား သည့် အချိန်ကတည်းက ဖမ်းဆီးထားကာ TNLA ၏ တရားရေးဌာနက အမှုကို စစ်ဆေးပြီးနောက် မတ်လ ၉ ရက်တွင်  အများပြည်သူ ရှေ့မှောက်မှာ အမိန့်ချမှတ်ခဲ့သည်ဟု ဆိုသည်။

ဘယ်အရပ် ဒေသကတွင် ဆိုသည်ကိုတော့ TNLA ဘက်က မပြောပေ။ သို့သော် ပြစ်မှုကျူးလွန်သူနှင့် အသက်ဆုံးရှုံး သွား သည့် အမျိုးသမီးဘက်မှ မိသားစုများ၏ ရှေ့မှောက်မှာ တရားစီရင်ခဲ့ခြင်း ဖြစ်ကြောင်း TNLA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“ကျူးလွန်တာကတော့ ဇန်နဝါရီ ၂၄ ဖြစ်တယ်ပေါ့နော်၊ အကုန်လုံး စစ်ဆေးပြီးမှ ကျွန်တော်တို့ဆီမှာ ရှိတဲ့ တရားရေးဌာန ကို အမှုဖွင့်ပြီး အမှုစွဲဆို တင်ပို့လိုက်တယ်။ ဇန်နဝါရီ ၂၇ ရက်ကနေ အမှုစတင် စစ်ဆေးတယ် ရုံးချိန်း နှစ်ကြိမ် ပြုလုပ်တယ် ပြုလုပ်ပြီးမှ သူက ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ(၃၀၂)ပေါ့နော်၊ လူသတ်မှု ပြစ်ဒဏ် ထင်ရှားတဲ့အတွက် မတ်လ ၉ ရက် မှာ ကျွန်တော်တို့ အများပြည်သူ ရှေ့မှောက်မှာ အမိန့်ချမှတ်တယ်။ ထောင်ဒဏ် အနှစ် ၂၀ ချမှတ် လိုက်တာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီ ၂၄ ညဦးပိုင်းက မိုင်းဖိုးစိန်သည် ကျောင်းဆရာမ လွေးမြမွှေးအောင် နေထိုင်သည့်  နေအိမ်အတွင်းသို့ ဝင်ရောက် လာပြီး ဘယ်ဘက်ပါးနှင့်  ဘယ်ဘက် နားထင်ကို သေနတ်နှင့် အနီးကပ် ပစ်သွားခဲ့ရာမှ ထိုနေရာမှာ ပင် ကျောင်းဆရာမ လွေးမြမွေးအောင်မှာ ပွဲချင်းပြီ သေဆုံးသွားခဲ့ကြောင်း သိရသည်။

TNLA မှ မိုင်းဖိုးစိန်အား ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်သည့်အပါ် တအာင်း အမျိုးသမီးအဖွဲ့အစည်းမှ ပြောရေးဆို ခွင့်ရှိသူ လွေးချှီဆငါးက ယခုလို TNLA မှ ဥပဒေအတိုင်း ဆောင်ရွက်လိုက်သည် ဖြစ်သင့် ဖြစ်ထိုက် သော ဆောင်ရွက်မှု ဟု ဆိုသည်။

 “ဒါက တပ်သား၊ ရဲဘော် မဟုတ်သည့်တိုင် ကျန်တဲ့ သာမန် အရပ်သားမှာ ဖြစ်သွားရင်တောင်မှ TNLA ထိန်းချုပ် နယ်မြေ မှာ ဖြစ်သွားတာဆိုတော့ သူတို့ရဲ့ ဥပဒေအတိုင်း သူတို့ရဲ့ လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်သွား မယ် ဆိုရင်တော့ လူငယ် တွေအတွက်လည်း သင်ခန်းစာ တစ်ခုတော့ ဖြစ်သွားမယ်လို့ မျော်လင့်တယ်။ နောက်နောင် လူငယ်တွေ၊ အမျိုး သား တွေ ဘက်ကလည်း ဒေါသကြောင့် လက်လွန်ဖို့ ဆင်ခြင်နိုင်တဲ့ အနေအထားတော့ ဖြစ်သွားတာပေါ့နော်”ဟု  ၎င်းက ဆိုသည်။

ကျောင်းဆရာမ လွေးမြမွေးအောင်၏ မိသားစု တောင်းဆိုထားသည့်အတိုင်း အမှုမှန်ပေါ်ပေါက်ဖို့ ဆောင်ရွက်ခဲ့သည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“အဲနေ့မှာ(အမိန့်ချသည့်နေ့) တရားခံဘက်ရော တရားလိုဖက်ရော ဆွေမျိုးတွေရော တက်ရောက်ကြတယ်၊ ဆရာမရဲ့ မိသားစုဘက်က အရင်က အမှုမှန်ပေါ်ပေါက်ဖို့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆို ထားတာဆိုတော့ ခုလိုချမှတ် လိုက်တာ သူ့မိသားစုတွေလည်း လက်ခံပါတယ်” ပြောသည်။

ပုဂ္ဂိုလ်ရေး ပြဿနာဖြစ်ပွားခဲ့ပြီး မိုင်းဖိုးစိန်က လွေးမြမွှေးအောင် တာဝန်ကျသည့်  ဟွေခုတ်ရွာအထိ လာရောက်ပြီး ပစ်သတ် သွားခဲ့သည်ဟု သိရသည်။

သေဆုံးသူ ဆရာမ လွေးမြမွေးအောင်သည် နမ့်ဖက်ကာကျေးရွာသူ ဖြစ်ပြီး ကွတ်ခိုင်မြို့နယ်ရှိ ဟွေခုတ်ရွာတွင် မူလတန်းပြ ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ၄ နှစ်ကျော် ကြာပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly