ဂရိရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ကျမ်းသစ္စာဆို

ဂရိရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ကျမ်းသစ္စာဆို

မတ်လ ၁၃။           ။ ဂရိနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀ ကျော်ထက်မနည်း ရှိလို့ ရုန်းကန်နေရချိန်မှာပဲ နိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံး အမျိုးသမီးသမ္မတက သောကြာနေ့မှာ ကျမ်းသစ္စာဆိုပါတယ်။

အသက် ၆၃ နှစ်ရှိ အကြီးတန်း တရားသူကြီး ကက်တရီနာဆာကယ်လာရိုပေါလုဟာ ဂရိနိုင်ငံရဲ့ အကြီးအကဲအဖြစ် ငါးနှစ်တာသက်တမ်းအတွက် သမ္မတ ဖြစ်လာခဲ့တာပါ။

ပါလီမန်မှာ ဂရိ အော်တိုဒေါ့စ် ဘုရားကျောင်းရဲ့ အကြီးအကဲ ဂိုဏ်းချုပ်ဆရာတော်ကြီး လီရိုနန်မို့စ်ရဲ့ ရှေ့မှောက်မှာ ဘာသာရေးအရ ကျမ်းသစ္စာဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာ ရာထူးက ဆင်းပေးရပြီဖြစ်တဲ့ သမ္မတဟောင်း ပါဗလိုပေါလို့စ်ထံကနေ သမ္မတရာထူး တရားဝင် လက်လွှဲပြောင်းယူတဲ့ အခမ်းအနား မတိုင်ခင် ကက်တရီနာဟာ ဂရိရဲ့ အထင်ကရ စစ်သမိုင်းဝင် အဆောက်အအုံ ဖြစ်တဲ့ အညတရစစ်သည်တော်များ ဂူသင်္ချိုင်းဆီ သွားရောက်ပြီး ပန်းခွေချခဲ့တယ်လို့ ပါလီမန်က ထုတ်ပြန်ပါတယ်။

အခု ကျမ်းသစ္စာဆိုတဲ့ အခမ်းအနား ပြုလုပ်ချိန်ဟာ ဂရိနိုင်ငံမှာ ကိုရိုနာ ကူးစက်ဖြစ်ပွားနေတာကြောင့် နဂို စီစဉ်ထားတဲ့ ဧည့်သည်တော် ၁၀၀၀ တက်ရောက်ရမယ့်အစား ၁၅၀ ဝန်းကျင်လောက်ပဲ တက်ရောက်ခဲ့သလို အခမ်း အနားမှာ လက်ဆွဲနှုတ်ဆက်ကြတာမျိုးလည်း မရှိခဲ့ပါ။

ဝန်ကြီချုပ် ကိုင်ရီယာကို့စ်မတ်ဆိုတာကစ်က အမည်စာရင်းတင်သွင်းတဲ့ ကက်တရီနာဟာ ဂရိသမိုင်းမှာ ပါတီစုံရဲ့ မဲအများဆုံး အပေးခံရပြီး လွှတ်တော်အမတ် ၃၀၀ မှာ ၂၆၁ ယောက် ထောက်ခံမဲနဲ့ လွှတ်တော်ကနေ သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required