မူလအတိုင်းပဲ . . ၂၀၀၈

မူလအတိုင်းပဲ . . ၂၀၀၈

(မဇ္ဈိမ)

မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာပြီးနောက်ပိုင်း၊ တတိယအကြိမ် ရွေးကောက်ပွဲမတိုင်မီ လပိုင်းအလိုမှာ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အာဏာရပါတီက အချိန်ယူလုပ်ဆောင် လာတာတွေရပြီး မကြာခင်ရက်ပိုင်းကပဲ ပြည်ထောင်စုလွှတ်တော်မှာ ပုဒ်မအချို့ကို မဲခွဲဆုံးဖြတ်ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာများနဲ့ သတင်းဌာနကြီးတွေကလည်း ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲကြတာကို အသားပေးဖော်ပြကြတဲ့အပြင် ဝေဖန်မှုတွေကလည်း အများအပြားပင်ဖြစ်ပါတယ်။ အမြင်တွေကတော့ တပ်မတော်ဖက်က ရပ်တည်သူနဲ့ ပြည်သူဖက်က ရပ်တည်သူဆိုပြီး နှစ်မျိုးနှစ်စား ကွဲပြားသွားပါတယ်။ သေချာတာကတော့ ယခင် အခြေခံဥပဒေကို စိတ်မဝင်စားတဲ့သူတွေတောင် စိတ်ဝင်စားမှုရှိလာလို့ မဲရလဒ်ကို နားစွင့်ပြီး ဝေဖန်ကြတာကို တွေ့ရကြားရပါတယ်။

အရေးကြီးတာကတော့ ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီမိုကရေစီကိုသွားနေပါတယ်ပြောပြီး တကယ်တန်း ဒီမိုကရေစီအစိုးရလို့ အမည်တပ်ခြင်းခံရတဲ့ NLD အစိုးရလက်ထက်မှာ ဒီမိုကရေစီမရသေးဘူးဆိုတာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက်က မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကို တရားဝင်ချပြလိုက်သလို ဖြစ်သွားတဲ့အပြင် မြန်မာ့တပ်မတော်က မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းရေးမှာ အဟန့်အတားဖြစ်နေတယ်ဆိုတာ ပေါ်လွင်သွားတာတွေ့ရပါတော့တယ်။

အခြေခံဥပဒေ မူလပြဋ္ဌာန်းချက်ဖြစ်တဲ့ အခန်း(၁)က ပုဒ်မ (၈)မှာ “နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်” အစား NLD က “နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည် ဆောက်သည်” လို့ ပြင်ဆင်ဖို့ မဲခွဲရာ ထောက်ခံမဲ ၄၁၄ ၊ ကန့်ကွက်မဲ ၂၁၉ မဲနဲ့ ၇၅ ရာခိုင်နှုန်းမကျော်လို့ ပြင်ဆင်မှုဖက်က ရှုံးနိမ့်သွားပါတယ်။ ဒီလိုရှုံးနိမ့်သွားတာဟာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ မျှော်မှန်းထားတဲ့ ဖက်ဒရယ်နိုင်ငံ ဖြစ်ဖို့ အလှမ်းဝေးနေဆဲပဲဆိုတာ သေချာသွားပါ တော့တယ်။

တစ်ခါ ပုဒ်မ(၆)စ မှာ မူလပြဋ္ဌာန်းချက်ဖြစ်တဲ့ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” အစား NLD က “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပြည်သူ့ဆန္ဒနှင့်အညီ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို ဦးတည်သည်” လို့ ပြင်ဆင်ဖို့ မဲခွဲရာ ထောက်ခံမဲ ၄၁၄ ၊ ကန့်ကွက်မဲ ၂၁၉ နဲ့ ပြင်ဆင်မှုဖက်က ၇၅ ရာခိုင်နှုန်းမကျော်လို့ ရှုံးနိမ့်သွားပြန်ပါတယ်။ အဲဒီတော့ ပြည်သူလူထုရဲ့ စိတ်ဆန္ဒနဲ့ ဖီလာဆန့်ကျင်ဖြစ် သွားတာတွေ့ရပါတယ်။

မတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်တွေမှာ လူစိတ်အဝင်စားဆုံးတစ်ခုကတော့ မူလပြဋ္ဌာန်းချက်ဖြစ်တဲ့ ပုဒ်မ ၄၀(ဂ)ဖြစ်ပြီး “အရေးပေါ်အခြေအနေပေါ်ပေါက်လျင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်” ဆိုတဲ့ အစား “အရေးပေါ်အခြေအနေပေါ်ပေါက်လျင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်” လို့ ပြင်ဆင်ဖို့ မဲခွဲရာ ထောက်ခံမဲ ၃၄၃ ရပြီး ၇၅ ရာခိုင်နှုန်းမကျော်လို့ ရှုံးနိမ့်သွားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်ရေး တားဆီးထားတဲ့ မူလအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ဖြစ်တဲ့ “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော်လည်း ကောင်း၊ ထိုတရားဝင်သားသမီး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့် ရှောက်ရို သေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ်တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများ မဖြစ်စေရ” ဆိုတာကို ပယ်ဖျက်ပေးဖို့ မဲဆန္ဒပေးရာမှာလည်း ထောက်ခံမဲ ၃၉၃ ၊ ကန့်ကွက်မဲ ၂၄၂ မဲ ဖြစ်ပေမယ့် ၇၅ ရာခိုင်နှုန်းမကျော်လို့ ရှုံးနိမ့်သွားပါတယ်။

မတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ၊ ပုဒ်မခွဲ ၂၉ ခုကို မဲခွဲရာမှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်လို့ ၂၇ ခု ရှုံးနိမ့်သွားပြီး မူလအတိုင်း ထားရှိမှာဖြစ်ပါတယ်။ ပုဒ်မ ၂ ခုသာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်လို့ ဆက်လက်ဆောင်ရွက်ရန်ဆိုပြီး သိရပါတယ်။ အဲဒီ ၂ ခုက တော့ ပုဒ်မ ၃၂(က)မှ "တပ်မတော်သားများ၏ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများ" ဆိုတဲ့ စကားရပ်ကို "သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ" ဟု ဆိုပြီး ထောက်ခံမဲ ၅၈၄ ၊ ကန့်ကွက်မဲ ၄၉ မဲနဲ့ ၇၅ ရာခိုင်နှုန်းကျော်လို့ ဆက်လက်ဆောင်ရွက်ရန်၊ ပုဒ်မ ၃၂(ခ)မှ မသန်မစွမ်းဖြစ်လာသော တပ်မတော်သား အစား မသန်စွမ်း ဖြစ်လာ သော တပ်မတော်သား ဆိုပြီး ထောက်ခံမဲ ၅၈၆ ၊ ကန့်ကွက်မဲ ၄၇ မဲနဲ့ ဆက်လက်ဆောင်ရွက်ရန် ဆိုပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။ လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်အချို့ သဘောတူရင် အခြေခံဥပဒေကို ပြင်ဆင်လို့ရကြောင်း ပေါ်လွင်သွားပါတော့တယ်။

ပုဒ်မ ၂၇ ခုရှုံးသွားလို့ မူလအတိုင်းထာရှိမယ့်အထဲမှာ “ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးတို့တွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ် ချုပ်ရေးစသည့် တာဝန်ထမ်းဆောင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်သည်” ကို ပယ်ဖျက်ပေးဖို့ ဆိုတဲ့ ပုဒ်မ ၁၇(ခ)။  စစ်ရေးအမြင်မှ လုံခြုံရေးအမြင်သို့ ပြင် ဆင်ရန် ပုဒ်မ ၅၉(ဃ)။ “ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏အကြီးအကဲဖြစ်သည်” ဆိုတာကို ပယ်ဖျက်ပေးဖို့ဆိုတဲ့ ပုဒ်မ၂၀(ဂ)။ တပ်မတော်သားကိုယ်စားလှယ်တွေကို လွှတ်တော် တတိယသက် တန်းမှာ ၁၅ ရာခိုင်နှုန်းထားရှိဖို့ စတဲ့ ပုဒ်မ ၁၄ အစရှိတဲ့ ဒီမိုကရေစီစံနှုန်းတွေပါတဲ့ ပုဒ်မတွေ ပါဝင်နေပါတယ်။

အခြေခံဥပဒေမှာ ဒီမိုကရေစီစံညွှန်းတွေကို ကန့်သတ်ထားတဲ့၊ တပ်မတော်ရဲ့လုပ်ပိုင်ခွင့် တချို့ကို ပြင်ဆင် ပယ်ဖျက်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှု တတိယနေ့ဖြစ်တဲ့ မတ်လ ၁၂ ရက်နေ့မှာတော့ အရေးပေါ်ကာလမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအခန်းကဏ္ဍကို လျှော့ချဖို့ ပြင်ဆင်ချက်များ အပါအဝင် ပုဒ်မ ၁၄ ခုကို မဲခွဲတဲ့နေရာမှာလည်း အရင်နေ့တွေကလိုပဲ မူလအတိုင်း ၇၅ ရာခိုင်နှုန်းမကျော်လို့ ရှုံးနိမ့်သွားပြန်ပါတယ်။ ၃ ရက်အတွင်း ပြင်ဆင်ရမယ့် ၁၃၅ ချက်ထဲက ၄၃ ချက်တော့ ပြီးသွားပါပြီ။ ဆက်လက်ဆောင်ရွက်ရန် ၂ ချက်သာဖြစ်ပြီး၊ ၄၁ ချက်က မူလအတိုင်းထားလိုက်ပါပေါ့။

ယခုကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြင်ဆင်ရမယ့် ဥပဒေပုဒ်မ ၁၃၅ ခုကို အစု(၉)စုခွဲကာ လွှတ်တော်ကိုယ်စားလှယ်များက ပုဒ်မတစ်စုအတွက် တစ်ကြိမ်ဖြင့် စုစုပေါင်း(၉)ကြိမ်ခွဲပြီး မဲပေးရမှာ ဖြစ်ပါတယ်။ အုပ်စုခွဲရာမှာတော့ ပုဒ်မ ၄၃၆(က)အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေရဲ့ ၇၅ ရာခိုင်နှုန်း ကျော်ရုံအပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပါ ကျင်းပရန်လိုအပ်တဲ့ ပုဒ်မ ၅၅ ခု ရှိတယ်ဆိုတော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပဖို့ နေနေသာသာ ၇၅ ရာခိုင်နှုန်းမကျော်လို့ ၂၀၀၈ အခြေခံဥပဒေဟာ စစ်တပ်(တပ်မတော်)က ပြင်ဆင်ချင်တဲ့ဆန္ဒ မရှိရင် ဘယ်လိုမှ ပြင်ဆင်လို့ ရမှာမဟုတ်ဘူးဆိုတာ သေချာနေပါတော့တယ်။

ဘာလို့ ဒီလိုဖြစ်နေရတာလည်းဆိုရင် အခြေခံဥပဒေ စတင်ရေးဆွဲကတည်းက ၁၉၈၈ ခုနှစ် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များကသာ အခြေခံဥပဒေ ကိုရေး ဆွဲကြရမှာဖြစ်တယ်လို့ ပြောခဲ့ပေမယ့် တကယ်တန်းရေးဆွဲတဲ့အခါမှာတော့ တပ်မတော်က ဦးဆောင်ပြီး ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြု ရေးသားခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ တပ်မတော်က စိတ်ကြိုက် ရွေးထားတဲ့ အစုအဖွဲ့(၈)ဖွဲ့က လူပေါင်း (၁၀၀၀)ကျော်နဲ့ စတင်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဟာ ၂၀၀၇ မှာပြီးစီးလို့ ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်းနဲ့ အတူ အတည်ပြုခဲ့တာပါ။ အခြေခံဥပဒေကို ၁၄ နှစ်ကြာ တပ်မတော်က စိတ်ကြိုက်ရေးဆွဲခဲ့တဲ့သဘောပဲ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး  လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ တပ်မတော်ဖက်က   ပိတ်ဆို့ထားတဲ့အတွက် ပြည်သူလူထုရဲ့ ရွေးချယ်ခံကိုယ်စားလှယ်များ အကျပ်အတည်း ဖြစ်နေပြီး အနာဂတ် ဒီမိုကရေစီ နိုင်ငံ ဖြစ်ဖို့အရေး ကျားကုတ်ကျားခဲ ရှေ့ဆက်လုပ်ဆောင်ကြရဦးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေပြင်ဆင်ရေးဟာ မြန်မာနိုင်ငံတွင်းသာမက နိုင်ငံတကာအသိုက်အဝန်း မှာလည်း ဝေဖန်စရာတွေ ဖြစ်ပြီး တစ်စုံတစ် ရာတော့ ရိုက်ခတ်လာနိုင်ပါကြောင်း . . . ။   ။

မဇ္ဈိမ
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly