တိမ်ညိုတိုက်ပွဲရှောင်စခန်းဘက်သို့ ပစ်ခတ်မှုများကြောင့် တိုက်ပွဲရှောင် အပါ ၁၂ ဦး ဒဏ်ရာရဟုဆို

တိမ်ညိုတိုက်ပွဲရှောင်စခန်းဘက်သို့ ပစ်ခတ်မှုများကြောင့် တိုက်ပွဲရှောင် အပါ ၁၂ ဦး ဒဏ်ရာရဟုဆို
ပုံ - ရခိုင်တိုက်ပွဲရှောင်တချို့ကို တွေ့ရစဉ်။ (AFP)

ရန်ကုန်၊ မတ် ၁၃။                ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ထဲရှိ တိမ်ညိုတိုက်ပွဲရှောင်စခန်းဘက်သို့ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ရှိလာသည့်အတွက် တိုက်ပွဲရှောင် အပါအဝင် လူ ၁၂ ဦး ဒဏ်ရာရ ခဲ့သည်ဟု ဒေသခံများက မဇ္ဈိမသို့ ပြောသည်။

တိမ်ညိုကျေးရွာ ဒေသခံများကတော့ မတ်လ ၁၃ ရက် နံနက် ၆ နာရီ ဝန်းကျင်ခန့်တွင် တပ်မတော် စစ်ကြောင်းတစ်ခုမှ တိမ်ညိုကျေးရွာအနီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

တိမ်ညိုတိုက်ပွဲရှောင်စခန်း တာဝန်ရှိသူ ဦးကျော်ငြိမ်းရွှေက “ စစ်ပြေးရှောင်ထဲက ၁၁ ယောက်၊ တိမ်ညိုထဲက ၁ ယောက် စုစုပေါင်း ၁၂ ယောက်။ ထိတာက ၅ နာရီ ခွဲလောက်က။  ဆေးရုံက လူနာစောင့် တစ်ယောက် ထိသွား တာ။ ဆေးရုံနဲ့ သူတို့လာတဲ့ အာရှလမ်းမနဲ့ဆို ပေ ၇၀ လောက်ပဲကွာတာ။ တိမ်ညို မရောက်ခင်ကတည်းက လမ်းဘေးဝဲရာတွေကို ဆက်တိုက် ပစ်လာတာ”ဟု ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရခဲ့သူ ၁၂ ဦးထဲမှ ၃ ဦးမှာ ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရသည့်အတွက် မြောက်ဦးဆေးရုံမှ တဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
ကျန် ၉ ဦးမှာ အသေးစား ခြေ၊ လက် ထိခိုက်ဒဏ်ရာ မျှသာဖြစ်၍ မြောက်ဦးဆေးရုံတွင်ပင် ကုသမှုခံယူနေသည်ဟု ဆိုသည်။

ထို့နောက် မတ်လ ၁၃ ရက်က  တိမ်ညိုတိုက်နယ်ဆေးရုံသို့ လက်နက်ကျည်များ ကျရောက်၍ ဆရာဝန် အပါအဝင်၊ သူနာပြုနှင့် လူနာများပါ မြောက်ဦး ဆေးရုံသို့ ပြောင်းရွေ့ ထားကြောင်းလည်း ဒေသခံများမှ ဆိုသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး တပ်မတော်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖြေဆိုခြင်း မရှိသေးပေ။

မတ်လ ၁၃ ရက်က တပ်မတော်စစ်ကြောင်းများ တိမ်ညိုကျေးရွာ မရောက်မီ မိုင်ဝက်ခန့်အလိုမှာ မိုင်းဆွဲ တိုက်ခိုက်ခံရ ပြီးနောက် လမ်းဘေးဝဲယာများသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း တိမ်ညိုကျေးရွာမှ ဒေသခံ များက ဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ AA ဘက်က မပစ်ရင် မိမိတို့ အနေဖြင့် ပြန်လည် ပစ်ခတ်စရာ မရှိဟု ဆိုသည်။

 “ကျွန်တော်ပြောနိုင်တာ တစ်ခုပဲရှိတယ်။ သူတို့ဆီက မပစ် ခတ်ဘဲနဲ့တော့ ကျွန်တော်တို့ဆီက ပစ်ခတ်စရာ အကြောင်း မရှိဘူး။ ဒီနေရာကို သွားလာနေ တာကြာပြီ။ ကျွန်တော်တို့ဆီ ပစ်ခတ်ရင်တော့ ပစ်ခတ်တဲ့ နေရာကိုပြန် ပစ်ခတ်ရမှာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ရခိုင့်တပ်(AA) အဖွဲ့အနေဖြင့် အရပ်ဝတ် အားကစားဝတ်စုံများဖြင့် တပ်မတော်ကို တိုက်ခိုက်တက်ပြီး ကျဆုံးပါ က အရပ်သားဟူ၍ ပြုလုပ်လေ့ ရှိသည်ဟု ၎င်းက ဆိုသည်။

AA အဖွဲ့ကမူ ၎င်းတို့အနေဖြင့် အရပ်သား ဝတ်စုံများဖြင့် တိုက်ခိုက်လေ့ မရှိကြောင်း မဇ္ဈိမသို့ ဖြေကြားခဲ့ဖူးသည်။

တိမ်ညိုဒုက္ခသည်စခန်းသည် မြောက်ဦးရှိ ကြီးမားသော တိုက်ပွဲရှောင်စခန်း တစ်ခုဖြစ်ပြီး ကျေးရွာပေါင်း ၁၂ ရွာမှ ဒုက္ခသည်များ နေထိုင်ကြကြောင်း သိရသည်။

တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ် တစ်ဝန်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှ ယနေ့ချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝမှာ တိုက်ပွဲရှောင် ၁ သိန်းကျော်ရှိနေ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required