ကောလာဟလနဲ့ ကပ်ရောဂါ

ကောလာဟလနဲ့ ကပ်ရောဂါ
Photo  - AFP

သန့်ဇော်(သန်လျင်)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒဗလျူအိတ်ချ်အိုက ကိုရိုနာဗိုင်းရပ်စ် (COVID-19 ) ဟာ တစ်ကမ္ဘာလုံး သတိထားစရာ ကပ်ရောဂါ ( global pandemic ) အဖြစ် ၁၁ - ၃ - ၂၀၂၀ နေ့မှာ ကြေညာလိုက်ပြီး မြန်မာနိုင်ငံမှာ ကျန်းမာရေး သတိရှိကြဘို့ အရှိန်ကို တိုးမြှင့်လိုက်ပါတယ်။ သက်ဆိုင်ရာတွေက ဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးတာတွေ လုပ်နေရင်း အဆိုပါဗိုင်းရပ်စ်ဟာ လူစုလူဝေး များပြားရာ နေရာများမှာ လျှင်မြန်စွာ ကူးစက်နိုင်တာကြောင့် သင်္ကြန် ပွဲတော်အတွက် မဏ္ဍပ် ဆောက်လုပ် ကျင်းပခြင်း အပါအဝင် လူစုလူဝေး ပွဲလမ်းသဘင်များကို မတ်လ ၁၃ ရက် မှ ဧပြီလကုန်အထိ ရပ်ဆိုင်းထားဖို့ ကြေညာချက်ထုတ်ပြန်ပြီး ပြည်သူကို ပန်ကြားလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ လူတိုင်းလူတိုင်း အတွက် ကူးစက်ရောဂါ အမျိုးအစားအသစ်တစ်ခုဖြစ်ပါတယ် ။ ဒါကြောင့် ဘယ်လူသား ဆီမှာမှ (immunity)ကိုယ်ခံအား အဆင်သင့် ရှိမနေနိုင်သေးဘူးလို့ ဆေးပညာရှင်များက ရှင်းပြထား ပါတယ် ။ လူတိုင်းကို ကူးနိုင်တိုက်ခိုက်နိုင်တဲ့ အကြောင်း၊ ရောဂါပြီးသူဆိုတာလည်း မရှိ ကြောင်းပြောပါတယ်။ ရောဂါရဲ့ ပြင်းထန်မှု က အသက်ကြီးပြီး နှလုံးနဲ့ အဆုတ်မှာ ပြဿနာ ရှိနေသူတွေကို အထူးသဖြင့် အဖိတ်အစင်များစေပါတယ် ။ ငယ်သူတွေအဖို့ တချို့ သာမန် အဖျား၊  ချောင်းဆိုးတာလောက်နဲ့ ပျောက်သွားနိုင်ကြတယ်။ တချို့ ကျတော့ ၄- ၅ ရက်အရောက် မှာ ပို ပိုဆိုးလာမယ်။ ကိုယ်တွင်း ပုံမှန် ဇီဝဖြစ်စဉ်တွေ အလုပ်မလုပ်၊ ရပ်ဆိုင်းတဲ့ အထိ ( Organ failure ) ပြင်းထန်စွာ ခံစား အသက်ဆုံးပါးနိုင်ပါသတဲ့ ။ မိသားစုအတွင်း ငယ်ရွယ်သူက တစ်ဆင့် အဖိုးအဖွား ၊ အဖေအမေ ကို ကူးစက်၊ အဖိတ်အစင်ဖြစ်နိုင်တာမို့ လူငယ်တွေသဘာဝ အလေးမထား မပေါ့ဆကြဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ခြင်းဟာ ကိုယ့် အမိအဖ အဖိုးအဖွားကို ကာကွယ်နေတယ်လို့ သဘောထား ကြစေလိုပါတယ်။ အဓိက ရောဂါ လက္ခဏာ သုံးခုက ၁။ အဖျားတက်မယ်. ၂။ ချောင်းမပြတ်ဆိုးမယ် ၃။ အသက်ရှူကျပ်မယ် ဆိုတာကို ဂရုပြုဖို့ပဲ ဖြစ်ပါတယ်။

ရောဂါကာကွယ်ရေးကတော့ လက်ကို ဆပ်ပြာနဲ့ရေနဲ့ သေချာစနစ်တကျ ဆေးကြောပါ။ ဆပ်ပြာနဲ့ မဆေးနိုင်ရင်တောင် အယ်ကိုဟောပါတဲ့ လက်သန့်ဆေးရည်နဲ့ အမြဲဆေးပေးပါ။ နှာချေ၊ ချောင်းဆိုးတဲ့အခါ သတိထားပေးပါ။ တစ်ရှူးသုံးပါ။ ပြီးရင် စနစ်တကျ စွန့်ပစ်ပြီး လက်ဆေးပါ။ တစ်ရှူးမရှိရင် လက်မောင်းကို ကွေးပြီး နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးအုပ်ပါ ( လက်ဖဝါးနဲ့မဟုတ်) လို့ WHO ကပြောပါတယ်။ လက်ကိုင်ပုဝါနဲ့ အဝတ်စတွေကို မသုံးပါနဲ့။ mask တွေ အလုအယက် ဝယ်ကြလို့  ရောဂါလက္ခဏာမရှိရင် mask တပ်ဖို့ မလိုပါဘူး။ ဗိုင်းရပ်စ်ပိုးဟာ အပူချိန် ၇၀ - ၈၀ ဒီဂရီ ဖားရင်းဟိုက်  ဆိုရင်သေတယ်လို့ WHO ကပြောပါတယ်။

နိုင်ငံတကာမှာလည်း ကပ်ရောဂါ ( global pandemic ) အဖြစ် WHO က ကြေညာပြီးနောက်ပိုင်းမှာတော့ နိုင်ငံတကာအပါအဝင် မြန်မာနိုင်ငံကလည်း အထိတ်တလန့်ဖြစ်ရပါတယ်။ အထိတ်တလန့်ဆိုတာ စိုးရိန်မှု လွန်ကဲသွားတာကို ပြောတာပဲဖြစ်ပါတယ်။ တကယ်တန်းတော့ စိုးရိမ်စိတ်ရှိပြီး အဲဒီစိုးရိမ်စိတ်ကြောင့် ကျွန်တော်တို့ဟာ စနစ်တကျနဲ့ ရောဂါမဖြစ်ပေါ်အောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။

မြန်မာပြည်အပါအဝင် ကမ္ဘာ့နိုင်ငံတိုင်းလိုလိုမှာလည်း စိုးရိမ်စိတ်က အစွန်းရောက်ပြီး ထိတ်လန့်ကြောက်ရွံ့မှုတွေဖြစ်လို့ သွေးရူးသွေးတန်းဖြစ်နေသူတွေဟာ သတင်းအရင်းအမြစ်နဲ့ ကောလာဟလတွေကို ယုံကြည်ကြလို့ ဖြစ်တာက ပိုများနေတာတွေ့ရပါတယ်။ ကောလာဟလသတင်း ထုတ်သူတွေဟာ နိုင်ငံရေးရှုပ်ထွေးစေရန်သော်လည်းကောင်း၊ စီးပွားရေးကမောက်ကမဖြစ်စေရန် သော်လည်းကောင်း၊ အဖျက်အမှောင့်လုပ်သူ လူတစ်စုက နည်းမျိုးစုံသုံးပြီး လုပ်ဆောင်ကြတာဖြစ်ပါတယ်။ အကျိုးဆက်ကတော့ လောလောဆယ် ပြည်သူလူထုက အရင်ဆုံး နှဖူးတွေ့ဒူးတွေ့ ခံကြရတော့တာပဲ ဖြစ်ပါတယ်။ ကောလာဟလသတင်းတစ်ပုဒ်ဟာ လူကိုသေစေနိုင်သလို တိုင်းပြည်ကိုလည်း ပျက်စီးအောင်လုပ်နိုင်ပါတယ်။ အဓိကကတော့ သတင်းမှန်မမှန် သေချာစစ်ဆေးပြီးမှ ချင့်ချိန်လက်ခံဖို့ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အွန်လိုင်းမီဒီယာ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်၊ မှတ်ပုံမတင်ထားတဲ့ အွန်လိုင်းမီဒီယာတွေကလည်း အမြောက်အမြားရှိနေပြီး သတင်းဖြန့်ချိ ပျံ့နှံ့ရာ လူမှုကွန်ယက်အကောင့် တွေကလည်း သန်းနဲ့ချီပြီး ရှိကြတာကို ကျွန်တော်တို့ သတိပြုရပါမယ်။   သတင်းမှန်မမှန် သေချာ စစ်ဆေး ချင့်ချိန် လက်ခံဖို့ဆိုတာ အစိုးရသတင်းဌာနကြီးတွေဖြစ်တဲ့ MRTV , MRTV4 , MNTV အစရှိသဖြင့်၊ တစ်ခါ BBC , VOA , RFA , Mizzima , DVB , Eleven စတဲ့ မီဒီယာတွေကို ဂရုပြုစောင့်ကြည့်ဖို့ လိုအပ်ပြီး ကိုယ်ရရှိတဲ့ သတင်းနဲ့ ဟုတ်မဟုတ် မှန် မမှန်စစ်ဆေးပြီးမှ လက်ခံယုံကြည်သင့်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ ကောလာဟလတွေကြောင့် အထူးသဖြင့် ကုန်ဈေးနှုန်းတွေတက်တာပဲဖြစ်ပါတယ်။ ကုန်ဈေးနှုန်းတွေတက်ပြီဆိုရင် နိုင်ငံသားအများစုဖြစ်တဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားတွေ အလူးအလဲ ခံကြရတော့တာပါပဲ။ ကုန်ဈေးနှုန်းဆိုတာကလည်း စီးပွားရေးသမားကြီးတွေက ချုပ်ကိုင်ထားတော့ ဒီစီးပွားရေးသမားကြီးတွေက တိုင်းပြည်အကျိုးကို မကြည့်ဘူးဆိုရင် ကောလာဟလတွေနဲ့ နိုင်ငံတောင် ဖျက်ဆီးပစ်လို့ရပါတယ်။ အစိုးရက ကုန်ဈေးနှုန်းထိန်းညှိတယ်ဆိုတာ ကုန်သည်ကြီးတွေ ပူးပေါင်းပါဝင် ဆောင်ရွက်ပါမှ  အကျိုးထိရောက်တာဖြစ်လို့ ကျွန်တော်တို့နိုင်ငံတစ်ဝန်း ကုန်သည်ကြီးများကလည်း အစိုးရနဲ့ပူးပေါင်းပြီး နိုင်ငံအကျိုးကိုရှေ့ရှုကာ ဆောင်ရွက်ပေးစေချင်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (COVID-19 )ဟာ နိုင်ငံတကာပြဿနာဖြစ်လို့ ကျွန်တော်တို့နိုင်ငံကလည်း ဒီပြဿနာကို လူသားပီပီ အသိဉာဏ်ပညာနဲ့ ကာကွယ် တွန်းလှန်ကြရပါတော့မယ်။ မပြည့်စုံတဲ့ ကျွန်တော်တို့ ဆီ ဒီကပ်ဘေး အကြီးအကျယ် ပေါက်ကွဲ ပျံ့နှံ့မသွားအောင် အခုကစလို့ အထူးဂရုစိုက်လုပ်ကြဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။   ။

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly