ထိုင်းသွားမည့်သူများ၏ ကိုယ်ရေး အချက်အလက်များကို ၁၄ ရက်တိတိ သိမ်းဆည်းထားမည်ဟုဆို

ထိုင်းသွားမည့်သူများ၏ ကိုယ်ရေး အချက်အလက်များကို ၁၄ ရက်တိတိ သိမ်းဆည်းထားမည်ဟုဆို
ပုံ- ထိုင်းလေဆိပ်မှာ မြင်တွေ့ရသော ထိုင်းဝန်ကြီးချုပ် (ပုံ- ဘန်ကောက်ပို့စ်)

ရန်ကုန်၊မတ်လ ၁၃။           ။ ထိုင်းနိုင်ငံသို့ သွားရောက်မည့် နိုင်ငံခြားသားများ၏ ကိုယ်ရေး အချက်အလက်များအား ၁၄ ရက်တိတိ သိမ်းဆည်းထားမည်ဟု ထိုင်းအစိုးရက အကြောင်းကြားလာကြောင်း မြန်မာကောင်စစ် ဝန်ချုပ်ရုံး(ချင်းမိုင်)က မတ်လ ၁၃ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ တဆင့် ဝင်ရောက်မည့် နိုင်ငံခြားသားများ (မြန်မာနိုင်ငံသား များ အပါအဝင်)အနေဖြင့် ပြည်ဝင်ခွင့် ကိစ္စရပ်များ ဆောင်ရွက်ခြင်း မပြုလုပ်မီ မိမိတို့၏ လက်ကိုင်ဖုန်းများတွင် AOT Airports အမည်ရှိ မိုဘိုင်း APP ကို Download ရယူ၍ ထည့်သွင်းထားရန်နှင့် မိမိ၏ အမည်၊ နိုင်ငံကူး လက်မှတ် အမှတ်၊ တယ်လီဖုန်း အမှတ်၊ အီးမေးလ် လိပ်စာ၊ တည်းခိုမည့် လိပ်စာများအား ဖြည့်စွက်ရမည် ဖြစ် ပြီး ထိုသို့ ဖြည့်စွက်မှုအား လေဆိပ်ရှိ တာဝန်ကျ လူဝင်မှုကြီးကြပ်ရေး အရာရှိထံ တင်ပြရမည်ဟု ထုတ်ပြန်ချက် မှာ ဖော်ပြထားသည်။

ထို အချက်အလက်များကို လေဆိပ်သို့ ရောက်ရှိသည့် နေ့ရက်မှ ၁၄ ရက်တိတိ သိုလှောင် သိမ်းဆည်း ထား မည်ဟု ထုတ်ပြန် ထားရှိပါကြောင်းနှင့်  အိမ်ရှင်အစိုးရ၏ လမ်းညွှန်ချက်အား လိုက်နာဆောင်ရွက်ပါရန် အကြောင်းကြားလာကြောင်း မြန်မာနိုင်ငံ ကောင်စစ်ဝန်ရုံး(ချင်းမိုင်)က သတင်း ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က Covid-19 အား ကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်တွင် သတ်မှတ်ခဲ့ပြီး ထိုင်း အစိုးရ အနေဖြင့်လည်း မတ်လ ၁ ရက်က အစပြု၍ ၂၀၁၅ ခုနှစ် ကူးစက်ရောဂါ အက်ဥပဒေအရ ထိုင်းနိုင်ငံ၏ ၁၄ ခုမြောက် အန္တရာယ်ရှိသော ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ထို့ကြောင့် ထိုင်းအစိုးရ အနေဖြင့် ရောဂါ ပြန့်နှံ့မှု ထိန်းချုပ် ကာကွယ်ရေး ဆောင်ရွက်ချက်များအဖြစ်  ပြည်ဝင်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များအား တင်းကြပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချင်းမိုင်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မည့် သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ မြန်မာ နိုင်ငံသားများ အနေဖြင့် အရေးပေါ် အကူအညီ တောင်းခံရန် လိုအပ်ပါက ဖုန်း(+၆၆) ၀၆ ၃၆၆၅၃၉၅၅၊ (+၆၆) ၀၉၈၇၃၉၅၄၇၈ သို့ ဆက်သွယ် အကူအညီ တောင်းနိုင်ကြောင်း မြန်မာကောင်စစ်ဝန်ရုံး(ချင်းမိုင်)က သတင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required