ကိုရိုနာကြောင့် အသွားအလာတားမြစ်ထားသည့်ကြားမှ ၂၀၂၀ တိုကျိုအိုလံပစ်မီးရှူးတိုင်ကို ဂရိ၌ မီးထွန်းညှိ

ကိုရိုနာကြောင့် အသွားအလာတားမြစ်ထားသည့်ကြားမှ ၂၀၂၀ တိုကျိုအိုလံပစ်မီးရှူးတိုင်ကို ဂရိ၌ မီးထွန်းညှိ

အိုလံပီယာ၊ မတ် ၁၃။      ။ ဂရိနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံးပြီးတဲ့နောက် အဝင်အထွက်အသွားအလာများ ထိန်းချုပ်ကန့်သတ်ထားတဲ့ကြားကပင် ရှေးဟောင်းအိုလံပီယာမြို့မှာ မတ်လ ၁၂ ရက်က ၂၀၂၀ တိုကျိုအိုလံပစ်မီးရှူးတိုင်ကို မီးထွန်းညှိပွဲပြုလုပ်ခဲ့ကြပါတယ်။

ပွဲကြည့်ပရိသတ်မပါဘဲ ကျင်းပခဲ့တာဖြစ်ပြီး ရှေးဟောင်းဂရိနတ်ဘုရားမပုံစံဝတ်ဆင်ထားတဲ့ သရုပ်ဆောင်မင်းသမီး Xanthi Georgiou က ကြေးမုံခွက်ကအလင်းပြန်လာတဲ့ နေရောင်ခြည်တန်းကတစ်ဆင့် မီးရှူးတိုင်ကို မီးထွန်းညှိခဲ့တာပါ။

အိုလံပစ်မီးရှူးတိုင်ကို ဂရိမှာ ရက်သတ္တပတ် (၁) ပတ်ကြာ လက်ဆင့်ကမ်းသယ်ဆောင်မှာဖြစ်ပြီး မတ်လ ၁၉ ရက်မှာ တိုကျိုပွဲစီစဉ်သူတွေဆီ  လွှဲပြောင်းပေးအပ်ရမှာဖြစ်ပါတယ်။

“ဒီနေ့ဟာ အိုလံပစ်မီးရှူးတိုင်ရဲ့ ဂျပန်ခရီးစဉ် အစဖြစ်ပါတယ်၊ မီးရှူးတိုင်က နှစ်ပေါင်း ၅၆ နှစ်ကြာမှ တိုကျိုကို တဖန်ပြန်ရောက်လာတာပါ၊ နိုင်ငံတစ်ဝန်းက လမ်းကြောင်းတွေတစ်လျှောက် ထွန်းလင်းပေးနိုင်တော့မှာပါ ”လို့ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ သောမတ်စ်ဘာ့ချ် ကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြောင့် တိုကျိုအိုလံပစ်ပွဲတော်ကို သတ်မှတ်ထားတဲ့ ဇူလိုင် ၂၄ ရက်ကနေ ဩဂုတ် ၉ ရက်အထိ ကျင်းပနိုင်မလားဆိုတဲ့အပေါ်  စိုးရိမ်မှုတွေလည်း မြင့်တက်နေကြပါတယ်။

ပွဲစီစဉ်သူတွေကတော့ စီစဉ်ထားတဲ့အတိုင်းကျင်းပသွားမှာဖြစ်တယ်လို့ အလေးအနက်ပြောဆိုထားပြီး အိုလံပစ်ပွဲကို ဖျက်သိမ်းဖို့ ရွှေ့ဆိုင်းဖို့နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးပါဘူး။

အခုအချိန်မှာတော့ Covid-19 ကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါအဆင့် သတ်မှတ်ထားတာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ အနီးကပ်ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly