COVID-19 ကို အမေရိကန်တို့ တရုတ်ထံ သယ်လာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တရုတ်တာဝန်ရှိသူတစ်ဦး ပြောဆို

COVID-19 ကို အမေရိကန်တို့ တရုတ်ထံ သယ်လာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တရုတ်တာဝန်ရှိသူတစ်ဦး ပြောဆို

မတ် ၁၃။              ။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကို အမေရိကန်စစ်တပ်က တရုတ်နိုင်ငံသို့ သယ်ဆောင်လာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဆိုပြီး တရုတ်တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

သို့သော် မျက်ခုံးပင့်ရလောက်သည့် ၎င်း၏ အဆိုပါ ပြောကြားချက်နှင့်ပတ်သက်၍ ခိုင်မာသည့် သက်သေအထောက်အထား ပြောဆိုသွားခြင်း မရှိပေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က မတ်လ ၁၂ ရက်တွင် တွစ်တာကနေတဆင့် အဆိုပါ ပြောဆိုချက်ကို ဖွင့်ဟရေးသားသွားခဲ့ခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ တရုတ် ဆိုရှယ်မီဒီယာပေါ်တွင် အမေရိကန်အပေါ် အပြစ်ဖို့သည့် အလားတူ အကွက်ချကြံစည် သီအိုရီများအတိုင်း Zhao က လိုက်လံပြောဆိုသွားခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ပေါက်ဖွားရာ ဇစ်မြစ်သည် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ စျေးတစ်ခုတွင် ရောင်းချသည့် တောရိုင်းတိရစ္ဆာန်များ ဖြစ်သည်ဟု တရုတ် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ အကြီးအကဲက ပြော ထားခဲ့သည်။

သို့သော် အဆိုပါ ရောဂါကို “ဝူဟန် ဗိုင်းရပ်စ်” ဟု အမေရိကန်တာဝန်ရှိသူများက ခေါ်ဝေါ်သုံးနှုန်းမှုအပေါ် ပေကျင်းအစိုးရဘက်က ဒေါသတကြီး တုန့်ပြန်ခဲ့ခြင်းနှင့်အတူ ပြီးခဲ့သည့် ရက်များအတွင်း တရုတ် တာဝန်ရှိသူများနှင့် လူသိများသော ကျန်းမာရေး ပညာရှင်တစ်ဦးတို့က ယင်းဗိုင်းရပ်စ်သည် မည်သည့်နေရာတွင်မဆို အစပြုကောင်း ပြုနိုင်သည်ဟု ပြောဆိုခဲ့ကြသည်။

တုပ်ကွေးကြောင့် သေဆုံးခဲ့သည်ဟု ယုံကြည်ရသော အမေရိကန်နိုင်ငံသားတချို့သည် ကိုဗစ်-၁၉ ကူးစက်ခံထားခဲ့ရသည် ဆိုပြီး အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ အကြီးအကဲက ကွန်ဂရက်တွင် သက် သေခံပြောဆိုနေသည့် ဗီဒီယိုတစ်ခုကို Zhao က ၎င်း၏ တွစ်တာတွင် တင်ခဲ့သည်။

“CDC အနေနဲ့ ကျဉ်းထဲကျပ်ထဲမှာ ရောက်နေခဲ့တယ်၊ ကူးစက်ရောဂါ ပထမဆုံးသယ်ဆောင်တဲ့ လူနာကို  အမေရိကန်မှာ ဘယ်အချိန်မှာ စတွေ့တာလဲ၊ လူဘယ်လောက်များများရော ကူးစက်ခံခဲ့ရသလဲ၊ ဆေးရုံနာမည်တွေ ကရော ဘာတွေလဲ၊ ဒီလိုဆိုရင် အမေရိကန်စစ်တပ်က ဒီဗိုင်းရပ်စ်ကို ဝူဟန်ဆီ သယ်လာတာတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ပွင့်လင်းမြင်သာမှု ရှိစမ်းပါ၊ လုပ်ပါ၊ ခင်ဗျားတို့ရဲ့ ဒေတာတွေကို အများသိအောင် ချပြစမ်းပါ၊ ဒီကိစ္စအတွက် အမေရိကန်တို့အနေနဲ့ ကျုပ်တို့ကို ဖြေရှင်းချက်တစ်ခု ပေးဖို့ လိုပြီ” ဟု Zhao က တွစ်တာတွင် ရေးထားသည်။

ဗိုင်းရပ်စ်ကို အမေရိကန်နှင့် ချိတ်ဆက်ပြောဆိုနေမှုနှင့်ပတ်သက်၍ အမေရိကန်တာဝန်ရှိသူများက တရုတ်အပေါ် ဒေါသထွက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက ယင်းကို “ဝူဟန် ဗိုင်းရပ်စ်” ဟု ခေါ်ဝေါ်သုံးနှုန်း  ခဲ့သည်။

ထို့ပြင် အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး ရောဘတ် အိုးဘရိုင်ယန်ကလည်း ဗိုင်းရပ်စ် မူလပေါက်ဖွားရာနေရာသည် တရုတ်သာဖြစ်ကြောင်း မတ်လ ၁၁ ရက်က အခိုင်အမာ ပြောဆိုခဲ့သည်။

“ ဒီဗိုင်းရပ်စ်က အမေရိကန်မှာ အစပြုခဲ့တာ မဟုတ်ပါဘူး၊ မူလအစက ဝူဟန်မှာဖြစ်ပါတယ်” ဟု အိုးဘရိုင်ယန်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly