လာလီဂါရဲ့ ပွဲစဉ်တွေကို ဆိုင်းငံ့လိုက်သလို ရီးယဲလ်မက်ဒရစ်ကစားသမားတွေကို သီးခြားထားရှိ

လာလီဂါရဲ့ ပွဲစဉ်တွေကို ဆိုင်းငံ့လိုက်သလို ရီးယဲလ်မက်ဒရစ်ကစားသမားတွေကို သီးခြားထားရှိ
Photos: EPA

ရီးယဲလ်မက်ဒရစ်အသင်းဟာ ကြာသပတေးနေ့က အသင်းကစားသမားတွေကို သီးခြားထားရှိခဲ့ပြီးနောက် လာလီဂါကလည်း ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုတွေကြောင့် စပိန်ရဲ့ ထိပ်တန်းလိဂ်ပြိုင့်ွဲ (၂)ခုကို အနည်းဆုံး (၂)ပတ် ဆိုင်းငံ့ထားလိမ့်မယ်လို့ ကြေညာခဲ့ပါတယ်။

ရီးယဲလ်အသင်းရဲ့ ဘတ်စကက်ဘောကစားသမားတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ရီးယဲလ်အသင်းက စီနီယာဘောလုံးအသင်းကို သီးခြားထားရှိ စောင့်ကြည့်မယ်လို့ အတည်ပြုအပြီး လာလီဂါအာဏာပိုင်တွေက ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်ရဲ့ ဘောလုံးနဲ့ ဘတ်စကတ်ကစားသမားတွေဟာ ဗယ်လ်ဒယ်ဘီးဘတ်စ်ရှိ ကလပ်ရဲ့ လေ့ကျင်ရေးကွင်းဖြစ်တဲ့ Ciudad Real Madrid မှာ အသုံးအဆောင်ပစ္စည်းနဲ့ နေရာတွေကို ခွဲဝေသုံးစွဲကြပါတယ်။

အသင်းရဲ့ ထုတ်ပြန်ကြေညာချက်မှာ "ကျနော်တို့ရဲ့ ဘတ်စကတ်ဘောပထမအသင်းက ကစားသမားတစ်ဦးဟာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။ အဲဒီကတည်းက ဘတ်စကတ်ဘောအသင်းနဲ့ စီနီယာဘောလုံးအသင်းတို့ကို သီးခြားထားရှိဖို့ လုပ်ဆောင်ခဲ့ပြီး Ciudad Real Madrid လေ့ကျင်းရေးကွင်းက အသုံးအဆောင်၊ အဆောက်အအုံတွေကို မျှဝေပေးထားပါတယ်။"လို့ ဖော်ပြထားပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ် (SFF) နဲ့ စပိန်ကစားသမားများသမဂ္ဂတို့နဲ့အတူ ကြာသပတေးနေ့က အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီးနောက်မှာ လာလီဂါဟာလည်း အီတလီစီးရီးအေမှ ပွဲစဉ်တွေကို ဆိုင်းငံ့တဲ့အတိုင်း နောက်လိုက်လုပ်ဆောင်ခဲ့ပါတယ်။

စပိန်ရဲ့ ထိပ်တန်းလိဂ် (၂)ခုကို ကွင်းပိတ်ကစားဖို့ အင်္ဂါနေ့က ဆုံးဖြတ်ခဲ့ပေမယ့် အခုအခါ အဲဒီပွဲစဉ်တွေကို (၁၄)ရက်ကြာ ဆိုင်းငံ့လိုက်တာပဲဖြစ်ပါတယ်။

ရီးယဲလ်ရဲ့ မန်စီးတီးအသင်းနဲ့ လာမယ့် အင်္ဂါနေ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် အဝေးကွင်းပွဲစဉ်ဟာလည်း ရွှေ့ဆိုင်းလိုက်ပြီလို့ သိရပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ဟာ  ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲနှစ်ခုလုံးလုံးကို ရွှေ့ဆိုင်းဖို့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဘာစီလိုနာအသင်းက ဗုဒ္ဓဟူးနေ့ နူးကမ့်မှာ နပိုလီအသင်းနဲ့ပွဲကို ပရိသတ်တွေ မပါဘဲ ကစားသွားမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုတွေကြောင့်  ပေါ်တူဂီရဲ့ ပရီးမီးယားလီဂါနဲ့ အမေရိကန်ရဲ့ မေဂျာလိဂ် (MLS)ပြိုင်ပွဲတွေကိုလည်း ဆိုင်းငံ့လိုက်သလို အီတလီရဲ့ စီးရီးအေကိုလည်း ဧပြီ ၃ ရက်အထိ ဆိုင်းငံ့ထားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required