ကိုရိုနာဗိုင်းရပ်စ်သည် အန္တရာယ်ကင်းသော အကွာအဝေးထက် နှစ်ဆ ရွေ့လျားနိုင်ပြီး လေထဲ၌ မိနစ် ၃၀ မျှ အသက်ရှင်နိုင်

ကိုရိုနာဗိုင်းရပ်စ်သည် အန္တရာယ်ကင်းသော အကွာအဝေးထက် နှစ်ဆ ရွေ့လျားနိုင်ပြီး လေထဲ၌ မိနစ် ၃၀ မျှ အသက်ရှင်နိုင်

မတ် ၁၂။                ။Covid-19 ကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်သည် လေထဲတွင် အနည်းဆုံး မိနစ် (၃၀) ကြာမျှ ရှင်သန်နေနိုင်ပြီး ကျန်းမာရေးအာဏာပိုင်များက သတ်မှတ်ပြောကြားထားသည့် ဘေးကင်းသော အကွာ အဝေး ၁ မီတာမှ ၂ မီတာ(၃ ပေမှ ၆ ပေခွဲ) ထက်ကျော်လွန်ကာ ၄.၅ မီတာ (၁၅ ပေခန့်)  အထိ ရွေ့လျားနိုင်ကြောင်း တရုတ်အစိုးရ၏ ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကာကွယ်ရေးဆိုင်ရာ သုတေသနအဖွဲ့၏ လေ့လာမှုအရ သိရသည်။

အဆိုပါဗိုင်းရပ်စ်သည် တံတွေးစက်ကျသော မျက်နှာပြင်၌လည်း ရက်ပေါင်းများစွာ ရှင်သန်နိုင်ပြီး ကျန်းမာရေးကောင်းသော လူများက ထိုတံတွေးစက်ကို ထိမိကာ မျက်နှာပွတ်မိရာမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ကြောင်းလည်း သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။

မျက်နှာပြင်ပေါ်၌ ဗိုင်းရပ်စ်ရှင်သန်နိုင်သည့် အချိန်ကာလသည် ၎င်းမှီခိုရာ မျက်နှာပြင်အမျိုးအစားနှင့် အပူချိန်ကဲ့သို့သော အချက်များပေါ်တွင် မူတည်သည်။ ဥပမာ- အပူချိန် ၃၇ ဒီဂရီဆဲလ်စီရပ်စ် (98F) အခြေအနေတွင် ဖန်၊မှန်၊ အထည်၊ သတ္တုပစ္စည်း၊ ပလတ်စတစ် သို့မဟုတ် စက္ကူများပေါ်တွင် နှစ်ရက်မှ သုံးရက်အထိ ရှင်သန်နိုင်သည်။

လူစုလူဝေးမှ တစ်ဆင့်ကူးစက်မှုကို သုတေသနပြုခဲ့သော ဟူနန်ပြည်နယ်မှ သုတေသနပညာရှင်တစ်စု၏ အဆိုပါတွေ့ရှိချက်များသည် အန္တရာယ်ကင်းသည့် အကွာအဝေး တစ်မီတာမှ နှစ်မီတာ (သုံးပေမှ ၆ပေခွဲ) အကွာ နေရမည်ဟူသော ကမ္ဘာတစ်ဝန်းမှ ကျန်းမာရေးအာဏာပိုင်များ အကြံပြုထားသည့် အချက်ကို စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

ဟူနန်သုသေသနအဖွဲ့သည် တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း ဇန်နဝါရီ ၂၂ ရက်က ၎င်းတို့ဒေသ၌ ကူးစက်ရောဂါတွေ့ရှိချက်ကို အခြေခံ၍ လေ့လာခဲ့ကြခြင်းဖြစ်သည်။

ကိုရိုနာသံသယရှိသည့် ဖျားနာနေသော ခရီးသည်တစ်ဦးသည် ၄၈ ဦးဆန့် ခရီးသည်တင်ဘတ်စ်ကားတစ်စီးဖြင့် ၄ နာရီကြာ ခရီးသွားခဲ့ပြီး တခြားခရီးသည်များနှင့် ထိတွေ့ခဲ့ခြင်းမရှိဘဲ အနီးမှာ ထိုင်သည့် လူတစ်ဦး၊ ၎င်းနှင့် ခုံခြောက်တန်းကျော် (၄.၅ မီတာ)ဝေးသည့် ခရီးသည်နှစ်ဦးအပါအဝင် ကားပေါ်ရှိ လူ ခုနစ်ဦးကို ဗိုင်းရပ်စ်ကူးစက်စေခဲ့ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးသည်များ ဆင်းသွားပြီးနောက် မိနစ်သုံးဆယ်အကြာ၌ ၎င်းဘတ်စ်ကားပေါ် ထပ်မံတက်လာသည့် ခရီးသည်တစ်ဦးကိုလည်း ကိုရိုနာကူးစက်ခဲ့သည်။

ခရီးသည်တင်ဘတ်စ်ကားပေါ်မှ ဆင်းခဲ့သော လူနာသည် အခြား မီနီဘတ်စ်တစ်စီးကို ၁ နာရီကြာ ထပ်မံစီးခဲ့ပြီး (၄.၅) မီတာအကွာအဝေးတွင် ထိုင်သူတစ်ဦးအပါအဝင် အခြား ခရီးသည်နှစ်ဦးကို ထပ်မံကူးစက်ခဲ့သည် ဟုဆို သည်။ လေ့လာမှုကို ဖေဖော်ဝါရီလလယ်တွင် အဆုံးသတ်ခဲ့ပြီး ထိုလူတစ်ဦးတည်းမှ အနည်းဆုံး ၁၃ ယောက်ကို ဗိုင်းရပ်စ်ကူးစက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ကူးစက်ခံရသူများသည် နှာခေါင်းစည်းမတပ်ထားသော သူများဖြစ် သည်ဟု လေ့လာသူများက ဆိုသည်။

“အဲကွန်းတပ်ပြီး အလုံပိတ်ထားတဲ့ပတ်ဝန်းကျင်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့နိုင်တဲ့အကွာအဝေးက တရားဝင်အသိအမှတ်ပြုထားတဲ့ ဘေးကင်းတဲ့အကွာအဝေးကို ကျော်လွန်သွားလိမ့်မယ်”ဟု သောကြာနေ့က ထုတ် ခဲ့သည့် Practical Preventive Medicine ဂျာနယ်တွင် သုတေသနပညာရှင်များက ရေးသားဖော်ပြခဲ့သည်။

ထို့ကြောင့် မြေအောက်ရထား၊ ကား၊ လေယာဉ်များဖြင့် ခရီးသွားသည့်အခါ နှာခေါင်းစည်းကို တစ်ချိန်လုံး တပ်ဆင်ထားသင့်ကြောင်း၊ လက်များကိုလည်း အများသွားလာထိတွေ့သည့်နေရာများနှင့် တတ်နိုင်သမျှ မထိမိစေ ရန်နှင့် လက်ကို မသန့်စင်မီ မျက်နှာကို မကိုင်သင့်ကြောင်း သုတေသနပညာရှင်များက အကြံပြုပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly