အသက်အန္တရာယ်စိုးရိမ်ရသော စစ်သုံ့ပန်း (၂) ဦးအား ချက်ချင်းလွှတ်ပေးလိုကြောင်း AA ပြော

အသက်အန္တရာယ်စိုးရိမ်ရသော စစ်သုံ့ပန်း (၂) ဦးအား ချက်ချင်းလွှတ်ပေးလိုကြောင်း AA ပြော

မတ်လ ၁၂။              ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မုန့်သန်းပြင် ကျေးရွာအနီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်းရခိုင်တပ်ဖွဲ့ (AA) က လက်ရအရှင် ဖမ်းဆီးရမိခဲ့သော တပ်မတော် စစ်သုံ့ပန်း များအနက် အသက်အန္တရာယ်စိုးရိမ်ရသော သုံ့ပန်း (၂) ဦးကိုချက်ချင်းပြန်လွှတ်ပေးလိုကြောင်းရခိုင်တပ်ဖွဲ့ (AA) ၏ပြန်ကြားရေးတာဝန်ခံခိုင်သုခက မိဇ္ဈိမသို့ အတည်ပြုပြောသည်။

ရခိုင်တပ်ဖွဲ့ (AA) ၏ပြန်ကြားရေးတာဝန်ခံခိုင်သုခက “အဲဒီသုံ့ပန်း (၂) နှစ်ယောက်ကဒဏ်ရာရနေတာဆိုတော့ ဒဏ်ရာကနည်းနည်းပြင်းတာပေါ့နော်။ သူတို့ကိုအရေးပေါ်ခွဲစိတ်ဖို့ လိုအပ်တဲ့အတွက်ကြောင့်မို့လို့ကျွန် တော်တို့ ကလူသားချင်းစာနာမှုအပြည့်နဲ့ သူတို့ကိုပြန်ပြီးတော့ လွှတ်ပေးလို့ ပြောတာပေါ့နော်။”ဟုပြောသည်။

ကျောက်တော်မြို့နယ် မုန့်သန်းပြင် ကျေးရွာအနီးတွင် တပ်မတော်နှင့် AA တို့ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၂) ရက်တာဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်းပဲခူးတိုင်းအခြေစိုက်၊ တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၇) မှ ယာယီတပ်ရင်းမှူးဗိုလ်မှူးသက်နိုင်ဦးအပါအဝင် စစ်သည်အရာရှိ (၃၆) ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအနက် (၂) ဦးမှာအသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် ၎င်းတို့တွင်ရှိသောဆေးဝါးများဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးထားသော်လည်းခွဲစိတ်ကုသရန် အရေးပေါ်လိုအပ်နေသောကြောင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် ယခုလိုအမြန်ဆုံးပြန်လွှတ်ပေးလိုခြင်းဖြစ်ကြောင်းမတ်လ (၁၂) ရက်နေ့တွင် ရခိုင်တပ်တော် (AA) က သတင်းထုတ်ပြန်ထားသည်။

ပြန်လွှတ်ပေးလိုသည့် သုံ့ပန်း (၂) ဦးကိုတပ်မတော်အနေဖြင့်လည်းကောင်း၊ NLD အစိုးရအနေဖြင့်လည်းကောင်း၊ ကြားဝင်စေ့စပ်မှုပေးနိုင်သောလူမှုအဖွဲ့အစည်းများအနေဖြင့်လည်းကောင်း (+၈၆၁၇၃၀၀၄၁၆၃၅၁) ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးလာရောက်ယူဆောင်မည့်နေရာကိုညှိနှိုင်းနိုင်ကြောင်းခိုင်သုခကပြောသည်။

ယခုပြန်လွှတ်ပေးမည့် သူနှစ်ဦး၏အသက်အရွယ်နှင့်  ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့ မသိရှိကြောင်းပြန်ကြားရေးတာဝန်ခံခိုင်သုခကဆိုသည်။

ထိုသို့လွှတ်ပေးခြင်းမှာနိုင်ငံတကာသုံ့ပန်းဥပဒေနှင့် လူသားချင်းစာ နာထောက်ထား သောရပ် တည်ချက်အရ လွှတ်ပေးလိုခြင်း သာဖြစ်ပြီးနိုင်ငံရေး အမြတ်ထုတ်လိုခြင်း မဟုတ် ကြောင်း လည်း(AA)၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required