အလွန်ရှားပါးတဲ့ အဖြူရောင် သစ်ကုလားအုပ် သားအမိနှစ်ကောင် သတ်ဖြတ်ခံရ

အလွန်ရှားပါးတဲ့ အဖြူရောင် သစ်ကုလားအုပ် သားအမိနှစ်ကောင် သတ်ဖြတ်ခံရ

မတ်လ ၁၂။            ။ ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အမဲလိုက်သမားတွေဟာ ကမ္ဘာပေါ်မှာ အလွန့်ကို ရှားပါးတဲ့ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့ သစ်ကုလားအုပ်ဖြူ နှစ်ကောင်ကို သတ်ဖြတ်ခဲ့ကြကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။

ဂါရစ်ဆာ စီရင်စုက ရွာတစ်ရွာမှာ သစ်ကုလားအုပ်ဖြူ သားအမိရဲ့ အလောင်းတွေကို တောခေါင်းတွေက တွေ့ရှိခဲ့တာဖြစ်ပြီး တတိယမြောက် သစ်ကုလားအုပ်ဖြူကတော့ အသက်ဘေးလွတ်မြောက်ကာ အသက်ရှင် ကျန်ရစ် တယ်လို့ သိရပါတယ်။

အဲဒီ ကျန်ရှိတဲ့ သစ်ကုလားအုပ်ဖြူဟာ အထီးဖြစ်ပြီး ကမ္ဘာပေါ်မှာ တစ်ကောင်တည်း ကျန်ရှိတော့နိုင်တဲ့ အဖြူရောင် သစ်ကုလားအုတ် ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။

အခုလို ဒီ သစ်ကုလားအုပ်တွေ အဖြူရောင်အဆင်းရှိနေတာဟာ leucism လို့ ခေါ်တဲ့ ရှားရှားပါးပါး ဖြစ်စဉ်ကြောင့် အရေပြားတွေ အဖြူရောင် ဖြစ်နေရတာပါ။ leucism ဖြစ်စဉ်ဟာ အရေပြားဆဲလ်တွေမှာ အရောင်ဖြစ်ပေါ်မှု မရှိစေတဲ့ ဖြစ်စဉ်ပဲ  ဖြစ်ပါတယ်။

ဒီ သစ်ကုလားအုတ်ဖြူတွေကို ၂၀၁၇ ခုနှစ်တုန်းက ဓာတ်ပုံရိုက်ကူးမိရာကနေ တစ်ကမ္ဘာလုံး သစ်ကုလားအုတ်ဖြူတွေအကြောင်း သတင်းပျံ့နှံ့ခဲ့တာပါ။  

“ကင်ညာ လူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက် တကယ့်ကို ဝမ်းနည်းဖွယ် နေ့ပါပဲဗျာ။ ကျွန်တော်တို့ အသိုင်းအဝိုင်းဟာ ကမ္ဘာပေါ်မှာ သစ်ကုလားအုတ်ဖြူကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ တစ်ခုတည်းသော အသိုင်းအဝိုင်း ဖြစ်ခဲ့တာပါ။”လို့ ဒေသအကြီးအကဲ မိုဟာမတ်အာမတ်နောက ပြောပါတယ်။

အခု သစ်ကုလားအုတ်ဖြူတွေကို သတ်ဖြတ်သွားသူတွေကို မသိရသေးသလို ဘာကြောင့် သတ်ဖြတ်ခဲ့တယ်ဆိုတာကိုလည်း မသိရသေးပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required