ကမ္ဘာကျော် မင်းသားကြီး တွမ်ဟန့်နဲ့ ဇနီးဖြစ်သူတို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွား

ကမ္ဘာကျော် မင်းသားကြီး တွမ်ဟန့်နဲ့ ဇနီးဖြစ်သူတို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွား
Photo: AFP

ကမ္ဘာကျော် ဟောလိဝုဒ်မင်းသားကြီး တွမ်ဟန့်က သူနဲ့ သူ့ဇနီး ရီတာဝီဆန်တို့ နှစ်ဦးစလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီလို့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပြောပါတယ်။

အဲလ်ဗစ်ပရက်စလေရဲ့ ဘဝအကြောင်း ရုပ်ရှင်ရိုက်ဖို့ ဩစတြေးလျမှာ ရှိနေစဉ် လင်မယားနှစ်ဦးစလုံး နာမကျန်းဖြစ်ခဲ့တာလို့ အသက် ၆၃ နှစ်အရွယ် မင်းသားကြီး တွမ်ဟန့်က ပြောပါတယ်။

“ကမ္ဘာမှာ အခု လုပ်ဆောင်ဖို့ လိုအပ်နေတာဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုကို ကျွန်တော်တို့ နှစ်ဦး စမ်းသပ်စစ်ဆေးခဲ့တယ်။ ကျွန်တော်တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ တွေ့ရှိတယ်။”ဆိုပြီး အင်စတာဂရမ်မှာ တွမ်ဟန့်က ရေးသားတာ ဖြစ်ပါတယ်။

တွမ်ဟန့်ဟာ ကမ္ဘာမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေကြောင်းကို ပထမဆုံး လူသိရှင်ကြား ထုတ်ဖော်ပြောလာတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကြယ်ပွင့်ပဲ ဖြစ်ပါတယ်။

သူတို့ လင်မယားအနေနဲ့ သီးသန့်နေထိုင်တော့မှာဖြစ်ပြီး စောင့်ကြည့်စစ်ဆေးသွားတော့မှာ ဖြစ်တယ်လို့ တွမ်ဟန့်က ရေးသားပါတယ်။

“ကျွန်တော်တို့ရဲ့ အခြေအနေကို ကမ္ဘာကို စဉ်ဆက်မပြတ် အသိပေးသွားမှာလည်း ဖြစ်ပါတယ်။”လို့ တွမ်ဟန့်က ရေးသားပါတယ်။

ဒါရိုက်တာ ဘတ်ဇ်လူဟာမန်း ရိုက်ကူးတဲ့ အဲလ်ဗစ်ပရက်စလေရဲ့ အတ္တုပ္ပတ္တိဇာတ်ကားမှာ တွမ်ဟန့်ဟာ ပရက်စလေရဲ့ ကာလရှည် မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဗိုလ်မှူးကြီး တွမ်ပါကာနေရာကနေ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly