ကမ္ဘာအနှံ့ဖြစ်ပွားသည့် Covid-19 ကို ကူးစက်မြန် ကပ်ရောဂါအဖြစ် WHO ထုတ်ပြန်

ကမ္ဘာအနှံ့ဖြစ်ပွားသည့် Covid-19 ကို ကူးစက်မြန် ကပ်ရောဂါအဖြစ် WHO ထုတ်ပြန်
Photo  - AFP

မတ် ၁၂။             ။ ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှု အရှိန်ရလာကာ ထိရောက်စွာကိုင်တွယ်နိုင်ခြင်းမရှိသည့်အပေါ် ကမ္ဘာ့နိုင်ငံများက  ပြစ်တင်ရှုတ်ချလျက်ရှိပြီး ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က Covid-19 ကို ကမ္ဘာ့အနှံ့ဖြစ်ပွားသည့် ကူးစက်မြန် ကပ်ရောဂါ (Pandemic) အဖြစ် မတ်လ ၁၁ ရက်က ထုတ်ပြန် ကြေညာလိုက်သည်။

တစ်ကမ္ဘာလုံးတွင် ကိုရိုနာကူးစက်ခံရသူ ၁၁၂ ၀၀၀ ကျော်ရှိကာ သေဆုံးသူအရေအတွက် ၄၅၀၀ နီးပါးရှိပြီဖြစ်တာကြောင့် စိုးရိမ်စရာအခြေအနေအဖြစ် WHO က ပြောခဲ့ခြင်းဖြစ်သည်။

အီတလီ၊ အီရန်၊ စပိန်၊ ဂျာမဏီနှင့် ပြင်သစ်နိုင်ငံများတွင်လည်း ကူးစက်မှုနှုန်း မြင့်မားလာပြီး တရုတ်နိုင်ငံပြင်ပတွင် ရက်သတ္တပတ်နှစ်ပတ်အတွင်း ကူးစက်ခံရမှု (၁၃) ဆ မြင့်တက်လာမှုကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို အရေးတ ယူဆောင်ရွက်ရန် နိုင်ငံများကို WHO က တိုက်တွန်းပြောဆိုခဲ့သော်လည်း လျစ်လျူရှုခဲ့ကြသည့်အတွက် WHO အကြီးအကဲဖြစ်သူ Tedros Adhanom က ပြစ်တင်ဝေဖန်ခဲ့သည်။

“ ကပ်ရောဂါဆိုတဲ့ အသုံးအနှုန်းဟာ ပေါ့ပေါ့လေးတွက်လို့မရပါဘူး။ တလွဲသုံးမိရင် ကျိုးကြောင်းမဆီလျော်တဲ့ ကြောက်ရွံ့မှုတွေ ဒါမှမဟုတ် ဒီရောဂါပြီးသွားပြီဆိုပြီး တရားနည်းလမ်းမကျတဲ့ လက်ခံမှုတွေကိုဖြစ်စေပြီးတော့ မလိုလားအပ်တဲ့ ခံစားမှုတွေနဲ့ သေဆုံးမှုတွေကို ဖြစ်စေပါတယ်” ဟု WHO ကပြောသည်။

Tedros Adhanom  က ကမ္ဘာ့နိုင်ငံသားများကို ကာကွယ်ရန် နိုင်ငံအားလုံးနှင့်အတူ တည်တည်ငြိမ်ငြိမ်နှင့် ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly