ဘေဘီလေး စိုက်ထူခဲ့တဲ့ milestone များ

ဘေဘီလေး စိုက်ထူခဲ့တဲ့ milestone များ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဘေဘီလေး တစ်ယောက်မွေးလာရင် ဖေဖေမေမေတိုင်း သိချင်မှာ ကိုယ့်ရဲ့ ဘေဘီလေးက ပုံမှန်ဖွံ့ဖြိုးမှုရှိရဲ့လားဆိုတဲ့ အချက်ဖြစ်မယ်ထင်ပါတယ်။ မွေးကာစမှာ အရမ်းငယ်သေးတော့ ချီရပွေ့ရ ပြုစုရတာတောင်ခက်ခဲနေတဲ့ အနေအထားမှာ ဘေဘီလေးက ကျန်းမာရဲ့လားဆိုတာကို သိဖို့ခက်မှာပါ။ ဒီအခက်အခဲအတွက် အတူတူဖြေရှင်းရအောင်လား…….
မွေးကာစအရွယ် ကနေ ၃ လအထိကာလအတွင်း ဘေဘီလေး ပုံမှန်တိုးတက်မှုရှိရဲ့လား….

မွေးစအရွယ် ဘေဘီလေးတစ်ယောက် ကျန်းမာရဲ့လား၊ ပုံမှန်တိုးတက်မှုရှိရဲ့လား ဒီအချက်လေးတွေကို ကြည့်ပြီးသိနိုင်ပါတယ်။
မွေးကာစ ဘေဘီလေးတစ်ယောက် ဘယ်လောက်ထိဖွံ့ဖြိုးနိုင်လဲ…..

မွေးစမှာ ပေါင်ချိန်ပြည့်လား။ မွေးစမှာပေါင်ချိန်ပြည့်တာကလည်း ဘေဘီလေး ကျန်းမာတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါ။ ပြီးရင်တော့ ဆက်တိုက် ဖွံ့ဖြိုးဖို့လိုပါမယ်။ မွေးပြီးပြီးချင်း ပထမ ၂ ရက်ကနေ ၃ ရက်လောက်မှာတော့ ကိုယ်အလေးချိန်က မွေးစကိုယ်အလေးချိန်ထက် ၁၀ ရာခိုင်နှုန်းလောက် ကျသွားနိုင်ပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ရပ်ပေါ့။ မွေးပြီး ၂ ပတ်အကြာမှာ မွေးကာစ ကိုယ်အလေးချိန်အတိုင်းပြန်ဖြစ်လာပါမယ်။

ဒီနောက်ပိုင်းမှာတော့ ဘေဘီလေးတစ်ယောက်ချင်းစီ ကိုယ်အလေးချိန်တိုးတက်မှုပုံစံကွာခြားတာမျိုးရှိနိုင်ပါတယ်။

မွေးကာစ

ကိုယ်အလေးချိန် – မွေးပြီးစကနေ ပထမ ၂ ပတ်တာကာလမှာ တစ်ရက်ကို ၁ အောင်စတိုးရပါမယ်

အရပ် – သားသားလေး ဆိုရင် လက်မ ၂၀။ မီးမီးလေးဆိုရင် ၁၉ လက်မကျော်ကျော် ရှိရပါမယ်။

မွေးပြီး တစ်လအကြာမှာ

အရပ်အမြင့်က သားသားလေးဆိုရင် ၂၁.၅ လက်မ။ မီးမီးလေးဆိုရင် ၂၁ လက်မရှိရပါမယ်။

ဦးခေါင်းလုံးပတ်အရွယ်အစားက တစ်လအရွယ်ရောက်တဲ့အခါ မွေးကာစက ဦးခေါင်းအရွယ်အစားထက် ၁လက်မလောက် ကြီးလာရပါမယ်။
မွေးကာစကနေ ၃ လအရွယ်မှာ ဘေဘီလေး ဘာလုပ်နိုင်ပြီလဲ…….

မွေးကာစ ဘေဘီလေးတွေဟာ တစ်နေ့တာမှာ အနည်းဆုံး ၁၆ နာရီလောက် အိပ်စက်ကြပါတယ်။ မွေးကာစ ကလေးတွေက ရည်ရွယ်ချက်ရှိရှိလှုပ်ရှားတာမျိုးမရှိပါဘူး။ သူတို့က ရည်ရွယ်ချက်မရှိတဲ့ လှုပ်ရှားမှုမျိုးကိုပဲလုပ်တတ်ကြပါတယ်။ ဒီကာလမှာ ဘေဘီလေးရဲ့ အာရုံကြောစနစ်က စဖွံ့ဖြိုးနေပြီ။ ဒီတုံ့ပြန်မှုလေးတွေကနေပဲ ဆန္ဒအတိုင်း လှုပ်ရှားနိုင်စေဖို့ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတာပါ။
ဘေဘီလေးရဲ့ အလိုလျောက်လုပ်ဆောင်နိုင်တဲ့ အပြုအမူတွေက ဘာတွေများလဲ…….

  • • မေမေ့နို့ကို မမြင်ရဘဲ ရှာနိုင်တယ်။ မေမေရှိတဲ့ဘက်ကို မျက်နှာလှည့်ပြီး ပါးစပ်ကို မေမေ့နို့ နဲ့ အပ်ဖို့လုပ်တတ်တယ်။ မွေးရာပါအသိအရပါ။
  • • နို့ကို သင်ပေးစရာမလိုဘဲ ဘယ်လိုစို့ရမလဲသိတယ်။ လမစေ့ဘဲ မွေးတဲ့ ဘေဘီလေးတွေကတော့ ကိုယ့်ဘာသာနို့မစို့ တတ်ကြပါဘူး။
  • • ရက်လေး နည်းနည်းရလာပြီဆိုရင် အသံလေး ပိုကျယ်လာမယ်။ မေမေ့အနားမှာမရှိရင် အော်ငိုတတ်ပြီ။ လူးလူးလွန့်လွန့်လှုပ်ရှားတတ်မယ်။
  • • ခေါင်းကို ဘယ်၊ညာလှည့်တတ်လာမယ်။ လက်တွေကို ကွေးတတ်ဆန့်တတ်ပြီ။
  • • လက်သီးလေးဆုတ်တတ်လာပြီ။ လမစေ့တဲ့ ကလေးတွေကတော့ မလုပ်နိုင်တာမျိုးရှိနိုင်ပါတယ်။
  • • ခြေချောင်းလေးတွေကို ကွေးတတ်လာပြီ။
  • • ခြေထောက်လေးကို ကြမ်းပြင်နဲ့ ထိတာမျိုးလုပ်နိုင်ပြီ။

ဒီလိုကနေ တဖြည်းဖြည်းအရွယ်ရလာချိန်မှာ ဘေဘီလေးက

  • ခေါင်းထောင်ချင်လာမယ်။ မေမေဖေဖေတို့က ကလေးကို ထိန်းမတ်ပေးဖို့ လိုပါမယ်။
  • • မှောက်ထားရင် ခေါင်းကို ဘယ်ညာလှည့်တတ်ပြီ။
  • • မျက်လုံးတော့ ဆုံမကြည့်တတ်သေးဘူး။ မြင်တော့မြင်နေရပါပြီ။
  • • မျက်နှာတွေကိုလိုက်ကြည့်မယ်။ အလင်းရောင်ရှိတဲ့နေရာတွေ မျက်နှာပြင်တွေကို လိုက်ကြည့်တတ်ပါပြီ။
  • • မှောက်ရက်အနေအထားမှာ ခေါင်းထောင်ဖို့ စကြိုးစားမယ်။
  • • လှုပ်ရှားမှုလေးတွေ နည်းနည်းမြန်လာပြီ။
  • • လက်တွေကို ပါးစပ်ထဲထည့်တတ်ပြီ။
  • ဘေဘီလေး အသုံးပြုတဲ့ ပြောဆိုဆက်ဆံနည်း

အစောပိုင်းကာလတွေမှာ ဘေဘီလေးက ငိုတာကိုပဲ ဆက်သွယ်မှုနည်းလမ်းတစ်ရပ်အနေနဲ့ အသုံးပြုကြပါတယ်။ မွေးကာစ ဘေဘီလေးတွေရဲ့ ငိုသံတွေက အားလုံးနီးပါးအတူတူပါပဲ။ မေမေဖေဖေတို့က ဒီငိုသံတွေကိုနားထောင်ပြီး ကလေးဖြစ်ချင် နေတဲ့ အရာတွေကို အဖြေထုတ်လုပ်ဆောင်ပေးကြရတာပါ။ နို့ဆာတဲ့အခါ၊ သေးခံတွေစိုနေတဲ့အခါမျိုးတွေမှာ ဘေဘီလေး က ငိုတတ်ကြပါတယ်။ ဒီအခြေအနေမှာ ကလေးကို အငိုတိတ်စေဖို့ သူ့ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးမှုကပဲ မေမေနဲ့ ဘေဘီလေးတို့အကြားမှာ ချစ်ခြင်းမေတ္တာနဲ့ယုံကြည်စိတ်ချရမှု၊ လုံခြုံမှုတွေကို တည်ဆောက်ပေးတာပါ။
ဘေဘီလေးက ဘာတွေကို နားလည်ပြီလဲ……

ဘေဘီလေးက နည်းလမ်းအမျိုးမျိုးနဲ့ တုံ့ပြန်မှုတွေလုပ်ပြီး သူ့ရဲ့ နားလည်မှုတွေကို ပြသနိုင်ပါတယ်။

  • အသံကျယ်ကျယ်တွေကို သတိထားမိပြီ
  • • မျက်နှာတွေကိုစိုက်ကြည့်တတ်ပြီ။ အဖြူအမဲ ရုပ်ပုံတွေကို ကြည့်တတ်ပြီ။
  • • အသံတွေကို အာရုံစိုက်တတ်ပြီ။ အသံလာရာကို လှည့်ကြည့်တတ်ပြီ။
  • • အိပ်နေရင်း ပြုံးတတ်ပြီ။

ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် မေမေဖေဖေတို့ ဘာလုပ်ပေးနိုင်မလဲ………

မွေးကာစ ဘေဘီလေးတစ်ယေက်အဖို့ အလုံခြုံဆုံးနေရာက မေမေနဲ့ဖေဖေတို့ရဲ့ ရင်ခွင်ပါ။ မိဘတွေရဲ့ အသံကိုကြားရ တာက ဘေဘီလေးတို့ကို စိတ်ထဲသက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုလည်း ပေးစွမ်း နိုင်ပါတယ်။ ဘေဘီလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရစေဖို့ဆိုရင်

  • • မျက်လုံးချင်းဆုံကြည့်ပေးပါ
  • • ကြင်နာစွာနဲ့ စကားပြောဆိုပေးပါ
  • • ဘေဘီလေးကို သီချင်းဆိုပြပါ
  • • ဘေဘီလေးကို ပွေ့ချီပါ
  • • ဘေဘီလေးကို နူးညံ့တဲ့ အနှီးလေးနဲ့ ထွေးပွေ့ပေးပါ
  • • ဘေဘီလေးကို ပုတ်သိပ်ပေးပါ
  • • ဘေဘီလေးငိုရင် ချက်ချင်းချော့ပေးပါ
  • • ဘေဘီလေးကို စကားပြောပေးပါ။

ဒီလိုလုပ်ပေးတာက ကလေးကို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေပြီး စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူအဖြစ်နဲ့ပါကြီးပြင်းလာစေမှာပါ။ အခုပြောခဲ့တာကတော့ ဘေဘီလေးတစ်ယောက်ရဲ့ မွေးကာစကနေ ၁ လအတွင်းမှာ မေမေဖေဖေတို့ မြင်တွေ့ရမယ့် ဘေဘီလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်ပါ။ ကျန်းမာတဲ့ ဘေဘီလေးအဖြစ် ပျိုးထောင်နိုင်ပါစေကြောင်း…….

 

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly