ဘင်္ဂလားဒေ့ရှ်က ဆင်းရဲသားရပ်ကွက်မှာ မီးလောင်တာကြောင့် လူ တစ်သောင်းနီးပါး အိမ်ရာမဲ့

ဘင်္ဂလားဒေ့ရှ်က ဆင်းရဲသားရပ်ကွက်မှာ မီးလောင်တာကြောင့် လူ တစ်သောင်းနီးပါး အိမ်ရာမဲ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာက အကြီးဆုံး ဆင်းရဲသားရပ်ကွက်တစ်ခုမှာ မီးကြီးလောင်ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူပေါင်း ၁၀၀၀၀ နီးပါး ရှိတယ်လို့ ရဲက ပြောပါတယ်။

မြို့တော် မြောက်ပိုင်း ဆင်ခြေဖုံးရပ်က ရူပန်နာဂါဆင်းရဲသားရပ်ကွက်မှာ ဒီကနေ့ နံနက်ပိုင်းက  မီးကြီးလောင်တာဖြစ်ပြီး မီးသတ်သမား ရာပေါင်းများစွာနဲ့ မီးကို လေးနာရီကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ ရဲထောက်လှမ်းရေးမှူး ကူမားဒက်စ်က ပြောပါတယ်။

“အိမ်ခြေ တစ်ထောင်လောက် မီးလောင်ခဲ့တယ်။ အများစုက တဲကုပ်တွေ ဖြစ်ပါတယ်။ မီးလောင်ပြာကျတဲ့အထိပါပဲ။ ဒီ မီးကြောင့် အိုးအိမ်မဲ့သွားသူပေါင်း ၁၀၀၀၀ နီးပါး ရှိပါတယ်။”လို့ ၎င်းက အေအက်ဖ်ပီကို ပြောပြီး ဒီ မီးဘေးမှာ သေဆုံးသူ တစ်ဦးမှ မရှိပေမယ့် ပျက်စီးဆုံးရှုံးမှုက ကြီးမားတယ်လို့ ဖြည့်စွက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ညစ်ပတ်နုံချာတဲ့ အခြေအနေမှာ လူသန်းပေါင်းများစွာ နေထိုင်နေကြတဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ ပုံမှန်ဆိုသလို မီးလောင်လေ့ ရှိတတ်ပါတယ်။

အတိတ်ကတော့ အခွင့်အရေး လှုပ်ရှားတဲ့ အုပ်စုတွေက ဆင်းရဲသား ရပ်ကွက်တွေ မီးလောင်တာဟာ အထပ်မြင့်တိုက်တာတွေ လွတ်လွတ်လပ်လပ် ဆောက်လိုကြတဲ့ လုပ်ငန်းရှင်တွေရဲ့ ရှို့မီးဆိုပြီး မှန်းဆပြောဆိုကြတာတွေ ရှိပါတယ်။

အခု မီးဘေးဟာလည်း ရှို့မီး ဟုတ်မဟုတ်နဲ့ မီး ဘယ်လို စလောင်ရသလဲဆိုတာကို ရဲနဲ့ မီးသတ်က စုံစမ်းစစ်ဆေးလျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly