အီတလီရောက် မြန်မာများအတွက် အကူအညီပေးနိုင်ရန် သံရုံးက ဆောင်ရွက်နေ

အီတလီရောက် မြန်မာများအတွက် အကူအညီပေးနိုင်ရန် သံရုံးက ဆောင်ရွက်နေ
ပုံ- နှာခေါင်းစည်းတပ်ထားသော အီတလီနိုင်ငံက အမျိုးသမီး တစ်ဦးကို တွေ့ရစဉ်(ပုံ- EPA)

ရန်ကုန်၊ မတ် ၁၁။         ။ COVID-19 ရောဂါ စတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံပြီးလျှင် ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူ ဒုတိယ အများဆုံး ဖြစ် လာသော အီတလီနိုင်ငံတွင်  မြန်မာနိုင်ငံသား သာသနာပြုဘုန်းတော်ကြီး၊ သီလရှင်၊ ပညာသင် ကျောင်းသား စသည့် မြန်မာနိုင်ငံသား ၃၅ဝ ဝန်းကျင် ရှိနေသည်။

အီတလီနိုင်ငံတွင် ရောဂါကူးစက်မှု မြင့်မားလာသည့်အတွက် အစိုးရက မတ်လ ၉ ရက်တွင် တစ်နိုင်ငံလုံး အသွား အလာ များ ကန့်သတ် ပိတ်ပင်လိုက်ပြီ ဖြစ်ရာ အီတလီရောက် မြန်မာနိုင်ငံသားများအား အကူအညီပေးနိုင်ရေး ဆက်သွယ် ဆောင်ရွက်နေကြောင်း ရောမမြို့အခြေစိုက် မြန်မာသံရုံး၊ ဒုတိယအတွင်းဝန် ဒေါ်လွင်လွင်မိုးက မဇ္ဈိမကို ပြောသည်။

ဒုတိယအတွင်းဝန် ဒေါ်လွင်လွင်မိုးက “စစချင်း စဖြစ်တာကတော့ Lombardy ဒေသပေါ့။ အီတလီမြောက်ပိုင်းပေါ့။ စပြီး ဖြစ်တဲ့ အပိုင်းတွေပေါ့။ အီတလီမြောက်ပိုင်းမှာတော့ မြန်မာက နည်းပါတယ်။ လောလောဆယ် ကျွန်မ တို့ လမ်းညွှန်နိုင် တာကတော့ အစိုးရက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဖို့ ကျွန်မတို့ နှိုးဆော်ထားပါတယ်။ တယ်လီဖုန်းနဲ့ ဆက်လို့ ရတဲ့သူကို ဆက်သွယ်တယ်။ အီးမေးလ်တွေ ပို့ပြီးတော့ မေးတယ်။

ပုံ- နှာခေါင်းစည်းတပ်ထားသော အီတလီနိုင်ငံက အမျိုးသမီး တစ်ဦးကို တွေ့ရစဉ်(ပုံ- EPA)

အင်တာနက် WhatsApp၊ Viber တို့ကနေ တဆင့် သူတို့ရဲ့ အခက်အခဲတွေကို ပြောစေတယ်။ သံရုံးအနေနဲ့လည်း အီတလီအစိုးရရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာပေးဖို့ သူတို့ကို နှိုးဆော်ထားတယ်။ သံရုံးက လူမှုကွန်ယက်မှာ ထုတ်ပြန်တာတွေ စောင့်ကြည့်ပေးဖို့၊ သံရုံးနဲ့ အဆက်အသွယ် မပြတ်ဖို့ အဲ့တာလေးတွေ ပြောထားပါတယ်” ဟု ပြောသည်။

အီတလီနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားအများစုမှာ သာသနာပြုဘုန်းတော်ကြီး၊ သီလရှင်များဖြစ်ပြီး အလုပ်သမား၊ မှီခိုနေထိုင်သူနှင့် ပညာသင်ကျောင်းသား ၂ဝ ကျော်ရှိကြောင်းလည်း သိရသည်။

ထို့နောက် အီတလီရောက် မြန်မာနိုင်ငံသားများအတွက် လိုအပ်နေသည့် အကူအညီများကို သံရုံးဘက်က ကူညီပေး နေကြောင်း ရောမမြို့အခြေစိုက် မြန်မာသံရုံး၊ ဒုတိယအတွင်းဝန် ဒေါ်လွင်လွင်မိုးက ပြောသည်။

 “လောလောဆယ်မှာ တချို့က Mask မရတာမျိုးတွေရှိတယ်။ ဝယ်မရဘူးဆိုပြီး ပြောတာတွေ ရှိတယ်။ ဒီမှာ လုံးဝ ဝယ်မရ တာတော့ မဟုတ်ဘူး။ ဆေးဆိုင်တွေမှာ တန်းစီဝယ်ရတာမျိုး ရှိတယ်။ မလိုအပ်ဘဲနဲ့ အများကြီး မရောင်းဘဲ လူတစ် ယောက်ကို ဘယ်နှစ်ခုနှုန်းနဲ့ ရောင်းပေးတယ်ဆိုတာမျိုး။ အဲ့လို Mask မရတဲ့သူကို သံရုံးက စာတိုက်ကနေ တဆင့် Mask တို့၊ လက်ဆေး ဆပ်ပြာရည်တို့ကို ပို့ပေးတယ်။ ကျန်တာက စားသောက်စရာ ဝယ်လို့ကတော့ ရတယ်။ အရမ်း အခက်အခဲ ရှိနေတာတော့ မဟုတ်ဘူး။ တန်းစီဝယ်ရတာမျိုး အခက်အခဲတွေပဲ ရှိပါတယ်။ ကျန်တာကတော့ သူတို့ပြော လာတဲ့ အခက် အခဲပေါ် မူတည်ပြီး အကြံဉာဏ်ပေးပေးနေတယ်”ဟု ၎င်းက ပြောသည်။

မတ်လ ၁၁ ရက် မနက်အထိ သတင်းများအရ အီတလီနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁၀၁၄၉ ဦးနှင့် သေဆုံး သူ ၆၃၁ ဦးအထိ ရှိနေပြီဖြစ်သည်။

ရောဂါ ကူးစက်ခံရသူနှင့် သေဆုံးသူထဲတွင် မြန်မာနိုင်ငံသားများ မပါဝင်သေးကြောင်းနှင့် လတ်တလော ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်းလည်း ရောမမြို့အခြေစိုက် မြန်မာသံရုံးမှ ဒုတိယအတွင်းဝန်က ပြော သည်။

အီတလီနိုင်ငံတွင် မတ်လ ၁ဝ ရက်မှ ဧပြီလ ၃ ရက်အထိ ကျန်းမာရေး၊ အလုပ်နှင့် အရေးပေါ် အခြေအနေ တို့မှလွဲ၍ နေအိမ်များ ပြင်ပသို့ ထွက်ခွာခွင့် ပြုမည်မဟုတ်ကြောင်း၊ ကျောင်းများ၊ တက္ကသိုလ်များနှင့် အများပြည်သူ နှင့်ဆိုင်သော နေရာများကို ပိတ်ထားမည် ဖြစ်ကြောင်းနှင့် အားကစားပွဲများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထား သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly