ကုန်းရေနှစ်သွယ် စစ်ဆင်ရေးစစ်သင်္ဘောများကို တရုတ်ရေတပ် အရှိန်အဟုန်မြင့် တည်ဆောက်နေ

By Asia Times
11 March 2020
ကုန်းရေနှစ်သွယ် စစ်ဆင်ရေးစစ်သင်္ဘောများကို တရုတ်ရေတပ် အရှိန်အဟုန်မြင့် တည်ဆောက်နေ

သင်္ဘောတည်ဆောက်ခြင်း နည်းပညာများ အရှိန်အဟုန်မြင့်တိုးတက်လာမှုနှင့် ယင်းနှင့်ဆက်စပ်သည့် လေယာဉ် တည်ဆောက်မှု ဖွံ့ဖြိုးမှုအပေါ် တရုတ်တို့ အခွင့်ကောင်းယူ အသုံးချလာခြင်းက ပင်တဂွန်အတွက် နောက်ထပ် ခေါင်းခဲစရာ အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။

လက်ရှိအချိန်တွင် ကမ္ဘာတဝန်း အကန့်အသတ်မဲ့ ဖြန့်ကျက်နိုင်မည့် ရေတပ်တစ်ခု ဖြစ်လာနိုင်ရေး တရုတ်တို့၏ ကြိုးပမ်းနေမှုများကလည်း မရပ်မနားဘဲ ဆက်သွားနေလျက် ရှိသည်။

Global Times သတင်းဌာန၏ ဖော်ပြချက်အရ တရုတ်တို့သည် ယင်း၏ ဒုတိယမြောက် Type 075 ကုန်းရေနှစ်သွယ် စစ်ဆင်ရေးသင်္ဘောတစ်စင်းကို မကြာမီ ရေချတော့မည်ဟု သိရသည်။

အလားတူ ပထမဆုံးသော Type 075 ကုန်းရေနှစ်သွယ် စစ်ဆင်ရေးသင်္ဘောတစ်စင်းကို ပြီးခဲ့သည့် စက်တင်ဘာလကမှ တရုတ်တို့ ရေချထားခဲ့ခြင်း ဖြစ်သည်။

တရုတ်တို့ဘက်က ထိုင်ဝမ်ကို အင်အားသုံးကာ ပြန်လည် ပေါင်းစည်းရေးအတွက် အားထုတ်လာခဲ့ပါက အဆိုပါ ကုန်းရေနှစ်သွယ် စစ်ဆင်ရေးသင်္ဘောသည် အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်လာနိုင်သည့် စစ်သင်္ဘောတစ်စင်း ဖြစ်သည်ဟု စစ်ရေးဆိုင်ရာ အကဲဖြတ်သုတေသီများက ယုံကြည်နေကြောင်း အထက်ပါ Global Times သတင်းဖော်ပြချက်တွင် ဖော်ပြထားသည်။

ဒုတိယမြောက် Type 075 ကုန်းရေနှစ်သွယ် စစ်ဆင်ရေးသင်္ဘောကို ရှန်ဟိုင်းမြို့ Hudong Zhonghua သင်္ဘောကျင်းတွင် တည်ဆောက်နေခြင်း ဖြစ်ကာ မကြာမီ ရေချဖွယ် ရှိနေကြောင်း သိရသည်။ ယင်းသင်္ဘောကြီး၏ ကိုယ်ထည်နှင့် လေယာဉ်ပြေးလမ်း ကုန်းပတ် တို့ တည်ဆောက်မှုကလည်း ပြီးစီးသွားပြီဟုလည်း သိရသည်။

လက်ရှိအချိန်တွင် ယင်းတိုက်ခိုက်ရေးသင်္ဘောသည် အနီရင့်ရောင်သာ ရှိနေပြီး စံပြရေတပ်အရောင်ဖြစ်သည့် မီးခိုးရောင် မသုတ်ရသေးဟု သိရသည်။

ပထမဆုံးသော Type 075 ကုန်းရေနှစ်သွယ် စစ်ဆင်ရေးသင်္ဘော ရေချပြီးနောက် အချိန် နှစ်ဝက်ခန့်သာ ရှိသေးချိန် ယခုသင်္ဘောကြီးကို အရှိန်အဟုန်မြင့်တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက်မှုသည်လည်း ပုံမှန်ထက် ပိုမြန်ဆန်နေကြောင်း Ordnance Industry Science Technology ဂျာနယ်က ဖော်ပြသည်။ ယင်းအတွက်ကြောင့် တရုတ်တို့အနေဖြင့် ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးသင်္ဘော တည်ဆောက်မှုနည်းပညာတွင် ကျွမ်းကျင်ပိုင်နိုင်နေပြီဆိုသည်ကို ပြသနေခြင်းဖြစ်ကြောင်း အဆိုပါ ဖော်ပြချက်တွင် ပြောထားသည်။

ယခု သင်္ဘောကြီးပေါ်တွင် အသုံးပြုမည့် လေကြောင်းဆိုင်ရာ တိုက်ခိုက်ရေး ပစ္စည်းကိရိယာများပိုင်းတွင်လည်း အဆင်ပြေချောမွေ့စွာ တိုးတက်နေခြင်း၊ တရုတ်ရေတပ်တွင် Z-8 နှင့် Z-9 ဟယ်လီကော်ပတာ ရေတပ်ဗားရှင်းများ အသင့်ရှိနေခြင်း၊ Z-20 ရေတပ် ဗားရှင်း အလုံးအရင်းထုတ်လုပ်ခြင်းကို နှစ်အနည်းငယ်အတွင်း စတင်နိုင်ဖွယ်ရှိခြင်း စသည်အချက်များက Type 075 ကုန်းရေနှစ်သွယ် စစ်ဆင်ရေးသင်္ဘော ထုတ်လုပ်မှု အရှိန်မြန်ဆန်နေသည့် အကြောင်းရင်းများ ဖြစ်နိုင်ကြောင်း Ordnance Industry Science Technology ဂျာနယ်တွင် ဖော်ပြသည်။

တရုတ်ရေတပ်ကို ခေတ်မီရေတပ်အဖြစ် အဆင့်မြှင့်တင်ခြင်းကို ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ယင်း၏ ရေယာဉ်အစုအဖွဲ့သည် ကြီးကြီးမားမား ချဲ့ထွင်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း National Defense က ဖော်ပြသည်။

၂၀၁၉ ခုနှစ်တွင် တရုတ်တွင် ရေတပ်သင်္ဘောအစုအဖွဲ့ ၃၃၅ စင်း ရှိနေခဲ့ရာ အရွယ်အစားအားဖြင့် ၂၀၀၅ ခုနှစ်ထက် ၅၅ ရာခိုင်နှုန်းခန့် ပိုကြီးမားလာခဲ့ခြင်းဖြစ်ကြောင်း မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် ကွန်ဂရက် သုတေသန ဝန်ဆောင်မှု အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly