ပလက်ဝမြို့နယ်အတွင်း ရိက္ခာသယ်ယူရေး ညှိနှိုင်းလာပါက ခွင့်ပြုမည်ဟု AA ပြော

ပလက်ဝမြို့နယ်အတွင်း ရိက္ခာသယ်ယူရေး ညှိနှိုင်းလာပါက ခွင့်ပြုမည်ဟု AA ပြော
ပုံ- ပလက်ဝမြို့နယ် ရှင်းလက်ဝရွာရှိ တိုက်ပွဲရှောင်ကလေးငယ်များ ၂၀၁၇ ခုနှစ်၊နိုဝင်ဘာလက စားနပ်ရိက္ခာများ ယူနေစဉ် (ပုံ-ချစ်မင်းထွန်း)

ရန်ကုန်၊ မတ်လ ၁၁။              ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ပြည်သူအတွက် ရိက္ခာသယ်ယူရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းလာပါက ခွင့်ပြုမည် ဖြစ်ကြောင်း ရခိုင်တပ်ဖွဲ့(AA)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

အစိုးရ အစီအစဉ်ဖြင့် မပို့ဘဲ ကြားခံ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ပို့မည်ဆိုပါက လက်ခံမည် ဖြစ်ကြောင်း AA ဘက်က ပြောသည်။

AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ညှိနှိုင်းမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်ကလည်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်။ ဘာကြောင့်လဲဆိုရင် ဒေသခံ ပြည်သူတွေ အတွက်ဆိုရင် ကျွန်တော် တို့က အကောင်းဆုံး ပူးပေါင်း ကူညီပေးသွားဖို့ အဆင်သင့်ရှိတယ်။ အခု လက်ရှိ ကုလားတန် မြစ်ကြောင်းမှာ ရိက္ခာဆန်တင်ပို့မှုနဲ့ ပတ်သက်ပြီး လုပ်နေတာရှိတယ်။ ရိက္ခာဆန်တွေကို တင်ပို့လို့ မရဘူးဆိုပြီး ပိတ်ထားတာက မြန်မာစစ်တပ်ဘက်က ပိတ်ထားတာ။ ကျွန်တော်တို့က ဘာမှ တားဆီး ပိတ်ပင်ထားတာ မရှိဘူး”ဟု ပြောသည်။

ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်အကြား ကုလားတန်မြစ်ကြောင်း တလျှောက်ဖြတ်သန်း မောင်းနှင်နေသော စက်လှေများကို ဖြတ်သန်းခွင့် မပြုဘဲ ဖမ်းဆီးခြင်းနှင့် သေနတ်ဖြင့် ပစ်ခတ်မှုများ ရှိနေခြင်းကြောင့် စားနပ်ရိက္ခာ သယ်ယူ ရန် အခက်အခဲများ ကြုံတွေ့ကြကြောင်း သိရသည်။

ပုံ -    ကုလားတန်မြစ်အတွင်း ဝါးများ သယ်ဆောင်လာသော ပလက်ဝမြို့နယ်မှ ဒေသခံ နှစ်ဦး (ပုံ- ချစ်မင်းထွန်း)

အဆိုပါ စားနပ်ရိက္ခာ လိုအပ်မှုကို ဖြေရှင်းနိုင်ရန်အတွက် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသခံ ပြည်သူများ စုပေါင်း လှူဒါန်းထားသည့် ဆန်အိတ် ၆၀၀ ကျော်ရှိကြောင်း၊ သို့သော် လုံခြုံရေး စိတ်မချရသည့်အတွက် ပလက်ဝ မြို့နယ်ရှိ တိုက်ပွဲရှောင် ဒုက္ခသည်များဆီသို့ မပေးပို့နိုင်ဘဲ ၄၂ မိုင်ကွာဝေးသည့် ဆမီးမြို့တွင် သောင်တင်နေသည်မှာ မတ်လ ၁ ရက်မှ ယနေ့အထိ(မတ်လ ၁၁ ရက်)ဖြစ်သည်။

ဆမီးမြို့တွင် သောင်တင်နေသည့် ဆန်အိတ် ၆၀၀ တင်ပို့မည့် ကိစ္စကိုလည်း ကြိုတင် ညှိနှိုင်း အကြောင်းကြားပါက ခွင့်ပြု မည်ဖြစ်ကြောင်း၊ သယ်ယူမည့် ရိက္ခာများသည် တပ်မတော်၏ ရိက္ခာများ မဖြစ်ရန် လိုအပ်ပြီး ဒေသခံ များက ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် သယ်ယူမည်ဆိုပါက အကူအညီပေးရန် အဆင်သင့်ရှိကြောင်း ဦးခိုင်သုခက ပြောသည်။

ကုလားတန် စီမံကိန်းအတွက် မတူပီမြို့မှ ပလက်ဝမြို့သို့ ပေးပို့သည့် ဒီဇယ်နှင့် အောက်တိန်းများ တင်ဆောင်လာသည့် ၁၂ ဘီးကားတစ်စီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်က မိုင်တိုင် ၁၁၉ နှင့် ၁၂၀ ကြားအရောက်တွင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ပစ်ခတ် ဖျက်စီးခြင်း ခံခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ခြင်းကြောင့် ဆမီးမြို့မှာ ရောက်ရှိသော ဆန်အိတ်များ ပလက်ဝမြို့သို့ မပို့ရဲဘဲ ဖြစ်နေကြောင်း သိရသည်။

AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “သူတို့ပြောနေတဲ့ စစ်တွေက ဆန်သယ်ယူဖို့ကိစ္စ ဆန်အိတ် ၆၀၀၀ ရှိတယ်ဆိုပြီး မီဒီယာတွေက မေးလာတာ ရှိတယ်။ အဲ့ဒီ ရိက္ခာ ဆန်အိတ် ၆၀၀၀ ကို သယ်ယူမယ် ဆိုလို့ ရှိရင် ကျွန်တော်တို့ ပြောတာက အကောင်းဆုံးကတော့ WFP လို ကြားခံ အဖွဲ့အစည်း၊ ICRC တို့လို ကြားခံ အဖွဲ့အစည်းမျိုးနဲ့ သယ်ယူမယ် ဆိုလို့ ရှိရင်တော့ ကောင်းတာပေါ့ဗျာ။ ဘယ် နေ့ ဘယ် အချိန်မှာ စက်လှေ ဘယ်နှစီး ဖြတ်မယ်ဆိုတာ ကျွန်တော်တို့ကို အကြောင်းကြားထားရင် ကျွန်တော်တို့နဲ့ တစ်ဖက်နဲ့ တစ်ဖက် ညှိလို့ရတာပေါ့နော်။ အစိုးရလုံခြုံရေးနဲ့ လာလို့မရဘူး။ ကျွန်တော်တို့ စစ်ဖြစ်နေတဲ့နေရာ ကျွန်တော်တို့ ရန်သူ ပါလာလို့ရှိ ရင် တော့ ပစ်မှာပဲ”ဟု ပြောသည်။

တပ်မတော်နှင့် AA ကို ရိက္ခာ သယ်ယူရေးနှင့်ပတ်သက်ပြီး သီးသန့် အကြောင်းကြား ထားခြင်း မရှိသေးကြောင်း KACC ၏ ညှိနှိုင်းရေးမှူး ဦးစောမြက ပြောသည်။

“တိုက်ရိုက် အကြောင်းကြားတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် သူတို့လည်း သိပြီလေ။ ကြေညာချက် ထုတ်တယ် ဆိုတော့ သူတို့သိပြီလေ။ တိုက်ရိုက် အကြောင်းကြားဖို့က သူတို့လည်း မလုပ်ရဲဘူးထင်တယ်။ ဥပဒေက ရှိသေးတာကိုး” ဟု ၎င်းက ဆိုသည်။

ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေး ပြတ်တောက်ပြီး စားနပ်ရိက္ခာ သယ်ယူရေး လုပ်ဆောင်၍ မရသည့် အခြေအနေ များကြောင့် မတ်လ ၁၀ ရက်က ပလက်ဝမြို့ရှိ ဘာသာရေး အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ စုပေါင်းကာ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်အရ ချင်းနှင့် ရခိုင်လူမျိုးများ ပါဝင်သည့် ပြည်သူလူထုအားဖြင့် စားနပ်ရိက္ခာ သယ်ယူ ကြရမည်ဖြစ်ကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ( KACC)က မတ်လ ၁၀ ရက်က ထုတ်ပြန် ခဲ့သည်။

လက်ရှိတွင် ပလက်ဝမြို့နယ်၌ စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဖြစ်ပွားနေခြင်းကြောင့် ဆန်ကြမ်း တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်ထိ ဈေးပေါက်နေပြီး ဝယ်ယူရန်ပင် ခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။

ပလက်ဝမြို့နယ်မှာ လူဦးရေ ၁ သိန်းကျော် နေထိုင်ပြီး အများစုသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင် စားသောက် ကြသူများဖြစ်ပြီး တပ်မတော်နှင့် AA တိုက်ပွဲကြောင့် တိုက်ပွဲရှောင် ၃၀၀၀ ကျော်လည်း ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required