ရာစုနှစ်ဝက်အတွင်း အမေဇုန်မိုးသစ်တော ယိုယွင်းပျက်စီးနိုင်

By Channel News Asia/ AFP
11 March 2020
ရာစုနှစ်ဝက်အတွင်း အမေဇုန်မိုးသစ်တော ယိုယွင်းပျက်စီးနိုင်

မတ် ၁၁။                 ။ ကမ္ဘာပေါ်၌ ဇီဝမျိုးစုံ အပေါကြွယ်ဝဆုံးဒေသဖြစ်သည့်  အမေဇုန်မိုးသစ်တောသည် နှစ်ပေါင်း ၅၀ အတွင်း ခြောက်သွေ့သော ဆာဗားနားမြက်ခင်းပြင်အသွင်သို့ ပြောင်းလဲသွားနိုင်သည့်အခြေ အနေရှိ နေကြောင်း  သိပ္ပံပညာရှင်များက မတ်လ ၁၀ ရက်နေ့၌ သတိပေးပြောကြားလိုက်သည်။

ဂေဟစနစ်ကောင်းမွန်သည့် ကာရေဘီယံသန္တာကျောက်တန်းများသည်လည်း  ၁၅ နှစ်အတွင်းမှာပင် ပျက်စီးသွားနိုင်ပြီး မူလအခြေအနေပြန်မဖြစ်နိုင်တော့ကြောင်း သိပ္ပံပညာရှင်များက Nature Communications ဂျာနယ်၌ ရေးသားဖော်ပြခဲ့သည်။ ထိုသို့ စနစ်ပြောင်းလဲမှုများ ဟုခေါ်ဆိုကြသည့် ပြောင်းလဲမှုတစ်ခုစီတိုင်းတွင်  လူသားမျိုးနွယ်နှင့်အတူ မျှဝေနေထိုင်ကြသည့် တခြားမျိုးစိတ်များအတွက် ကြောက်မက်ဖွယ်အကျိုးဆက်များ ရှိလာနိုင် သည်ဟု သိပ္ပံပညာရှင်များက သတိပေးထားကြသည်။

ကမ္ဘာကြီးပူနွေးလာမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ အမေဇုန်သစ်တောများပြုန်းတီးလာမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းလာမှုနှင့် သမုဒ္ဒရာရေပြင်တွင် အက်ဆစ်ပျော်ဝင်မှုများလာခြင်းကြောင့် ထုံးကျောက်ဖြင့် ဖွဲ့စည်းထားသော သန္တာကျောက်တန်းများ ပျက်စီးလာမှုက ပတ်ဝန်းကျင်ကို နဂိုအတိုင်းပြန်မဖြစ်နိုင်သော စိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိစေခဲ့သည်။ ကမ္ဘာ့လေထုအပူချိန်သည် စက်မှုကြိုခေတ်က အဆင့်များထက် (၁.၅)  ဒီဂရီ ဆဲလ်စီယပ်မြင့်တက်လာပါက ကမ္ဘာ့ရေတိမ်ပိုင်းရှိ သန္တာကျောက်တန်း ၉၀ ရာခိုင်နှုန်း ပျက်စီးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာအကြံပေးအဖွဲ့ဖြစ်သည့် (IPCC)  က ပြောခဲ့သည်။ (၂) ဒီဂရီဆဲလ်စီရပ်စ်မြင့်တက်လာပါက အားလုံးနီးပါးပျက်စီးမည်ဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ ကမ္ဘာ့မြေမျက်နှာပြင်သည် ယခင်ကထက် (၁) ဒီဂရီဆဲလ်စီရပ်စ်ကျော်မြင့်တက်နေခဲ့ပြီးဖြစ်သည်။

အမေဇုန်သစ်တောအတွက် စိုးရိမ်ရသည့်အပူချိန်အနေအထားမှာ သိပ်မသိသာသော်လည်း သစ်တော၏ ၃၅ ရာခိုင်နှုန်းခန့် ထိခိုက်မှုရှိခြင်းသည် အပြီးသတ်ပျက်စီးဖို့ရာ အစပြုခြင်းပင်ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။

နိုင်ငံပေါင်း (၇) နိုင်ငံနှင့် မြေစတုရန်းကီလိုမီတာ (၅) သန်းကျော် လွှမ်းခြုံထားသည့် အမေဇုန်မြစ်ဝှမ်းမိုးသစ်တော၏ (၂၀) ရာခိုင်နှုန်းခန့်သည် ၁၉၇၀ ခုနှစ်ကတည်းက သစ်၊ ပဲပင်၊ ဆီအုန်းပင်၊ ဇီဝလောင်စာနှင့် အမဲသား စသည်တို့ကို အများဆုံးထုတ်လုပ်လာခဲ့ခြင်းကြောင့် ပြုန်းတီးခဲ့ပြီးဖြစ်သည်။

ထိုသို့ပြောင်းလဲမှုများအတွက် လူသားများအနေဖြင့် မျှော်မှန်းထားသည်ထက် ဆောလျင်စွာ ကြိုတင်ပြင်ဆင်ရန်လိုအပ်ကြောင်း Bangor University မှ ပါမောက္ခ Simon Willcock က ပြောသည်။

ဂေဟစနစ်အတော်များများသည် ဒယိမ်းဒယိုင်ဖြစ်ကာ ခပ်ယဲ့ယဲ့သာရှိတော့ကြောင်း မကြာသေးမီက အမေဇုန်နှင့်ဩစတြေးလျတို့တွင် လောင်ကျွမ်းခဲ့သည့်တောမီးများက သက်သေပြလျက်ရှိသည်။

“အမေဇုန်သစ်တောကို လေ့လာသုတေသနပြုရတာ တုန်လှုပ်စရာကောင်းတယ်ဗျ၊ အခုအချိန်အခါမှာ အရေးတယူ မဆောင်ရွက်ဘူးဆိုရင်  အနည်းဆုံး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၈ သန်းလောက်ကဖြစ်တည်ခဲ့ပြီး လူသန်း ပေါင်း များစွာရဲ့ ဘဝတွေကို  အကျိုးပြုခဲ့တဲ့ ကမ္ဘာ့ဇီဝမျိုးစုံအပေါကြွယ်ဝဆုံးဖြစ်တဲ့ မိုးသစ်တောကြီးကို ဆုံးရှုံးရတော့မယ်” လို့ လန်ဒန်မြို့ တော်ဝင်ရုက္ခဗေဒဉယျဉ်မှ သိပ္ပံပညာရပ်ဆိုင်ရာဒါရိုက်တာ Alexandre Antonelli ကပြောပါတယ်။

ကမ္ဘာပေါ်ရှိအပူပိုင်းသစ်တောများသည် ရုပ်ကြွင်းလောင်စာများမှထုတ်လွှတ်သော ကမ္ဘာမြေကြီးကို ပူနွေးစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2 ) ကို စုပ်ယူနိုင်စွမ်း တစ်ဟုန်ထိုး လျော့နည်းလာကာ အမေဇုန်သစ်တောသည်လည်း CO2  စုဆည်းသိုမှီးရာမှ ထုတ်လွှတ်ရာ ရင်းမြစ်အဖြစ် ပြောင်းလဲခဲ့သည်။

အထူးသဖြင့် အပူပိုင်းဒေသမှ သစ်တောများသည် လူသားတို့ ကမ္ဘာ့လေထုထဲသို့ ထုတ်လွှတ်လိုက်သည့်  CO2   များအနက် (၂၅ - ၃၀) ရာခိုင်နှုန်းကို စုပ်ယူကြပြီး တခြား (၂၀-၂၅) ရာခိုင်နှုန်းမှာ ပင်လယ်သမုဒ္ဒရာများထဲ ရောက်သွားသည်။

ကမ္ဘာ့အကြီးဆုံး ထူထပ်အုံ့ဆိုင်းနေသော အမေဇုန်တောအုပ်ကြီးသည် အကြမ်းအားဖြင့် နှစ်စဉ်ကမ္ဘာ့လေထုထဲသို့ ထုတ်လွှတ်လိုက်သည့်  CO2   (၁၀) ဆနှင့်ညီမျှသော ပမာဏကို သိုလှောင်ထားနိုင်သည်။

သုတေသနပညာရှင်များသည်  ရေကန်ငယ်များမှ ပင်လယ်နက် (Black Sea) အရွယ်အစားအထိ ရေထဲနှင့်မြေပေါ်  သဘာဝပတ်ဝန်းကျင် ၄၀ ထက်မနည်းတွင် ထိုကဲ့သို့ ပြောင်းလဲခြင်းများကို စိစစ်လေ့လာခဲ့ကြသည်။ အာဖရိကရှိ ဆာဟယ် (Sahel) ဒေသသည် အချိန်ကာလကြာမြင့်လာသော်လည်း သစ်တောလွှမ်းသောရှုခင်းအဖြစ်မှ ကန္တာရဒေသအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဂေဟစနစ်ကြီးများသည် မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာ ပြိုလဲပျက်စီးနေကြောင်း၊ ဂေဟစနစ်ကြီးများ၏ ဖွဲ့စည်းတည်ဆောက်ပုံသည် ကမ္ဘာကြီးပူနွေးခြင်းနှင့် သစ်တောပြုန်းတီးခြင်းစသည့် ရာသီဉတုပြောင်း လဲမှုဒဏ်များကို အစောပိုင်း၌ ခံနိုင်ရည်ရှိကြကြောင်း အင်္ဂလန် Southampton တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ စာရေးဆရာ John Dearing က ပြောသည်။

သို့ရာတွင် သတ်မှတ်ထားသော ခံနိုင်ရည်ရှိသည့်အဆင့်ကို တစ်ကြိမ်တစ်ခါကျော်လွန်ပြီးနောက်၌ အလားတူဖြစ်ရပ်မျိုးထပ်မံကြုံလာပါက ဒဏ်ခံနိုင်သည့်စနစ်ပြိုလဲကာ ပျက်စီးမှုအရှိန်ရလာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required