ပါကစ္စတန် မြို့တော်အနီး F-16 တိုက်လေယာဉ် ပျက်ကျ

ပါကစ္စတန် မြို့တော်အနီး F-16 တိုက်လေယာဉ် ပျက်ကျ

မတ်လ ၁၁ ။              ။ ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ္မာဘတ်က ပန်းခြံတစ်ခုအနီးမှာ ပါကစ္စတန်လေတပ် PAF ပိုင် F-16 တိုက်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ခဲ့ပါတယ်။

မတ် ၂၃ ရက်မှာ ကျင်းပမယ့် နိုင်ငံရဲ့ အမျိုးသားနေ့ စစ်ရေးပြသမှုအတွက် ကြိုတင်လေ့ကျင့်ပျံသန်းစဉ်မှာ ပျက်ကျတာ ဖြစ်တယ်လို့ PAF က ထုတ်ပြန်ပါတယ်။

ပြတိုက်တွေနဲ့ ဂေါက်ကလပ်တွေ ရှိနေရာနားမှာ ပျက်ကျတာ ဖြစ်ပြီး ရဲနဲ့ လုံခြုံရေးတွေဟာ ပျက်ကျတဲ့နေရာကို ပိတ်ဆို့ထားတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ PAF က ညွှန်ကြားထားပါတယ်။

“PAF ရဲ့ F-16 တိုက်လေယာဉ်တစ်စင်း ရှာကာပါရီယန်အရပ်နားမှာ မတ် ၂၃ ရက် စစ်ရေးပြအတွက် လေ့ကျင့်ပျံသန်းချိန် ပျက်ကျခဲ့တာအတွက် လေတပ်အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ ပျက်ကျရာဆီ ကယ်ဆယ်ရေး အဖွဲ့ စေလွှတ်ထားပါတယ်။”လို့ PAF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

F-16 တိုက်လေယာဉ်တွေဟာ ပါကစ္စတန်စစ်တပ်အတွက် တန်ဖိုးအကြီးဆုံး တိုက်လေယာဉ်တွေပဲ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ F-16 အစင်း ၅၀ ခန့် ပါဝင်တဲ့ တိုက်လေယာဉ်အုပ် ပိုင်ဆိုင်ထားပြီး F-16 တိုက်လေယာဉ် တစ်စီးစီရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၄၀ အနည်းဆုံး ရှိပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ လေယာဉ်နဲ့ ရဟတ်ယာဉ် ပျက်ကျမှုတွေ မကြာခဏ ဖြစ်ပွားတာကြောင့် စစ်ဖက်နဲ့ အရပ်ဖက် လေယာဉ်တွေရဲ့ ဘေးကင်းလုံခြုံမှု စံနှုန်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေ ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required