ကိုရိုနာဗိုင်းရပ်စ်ကို ကူညီတိုက်ဖျက်ပေးနေတဲ့ ထိုင်ဝမ် အကျဉ်းသားများ

ကိုရိုနာဗိုင်းရပ်စ်ကို ကူညီတိုက်ဖျက်ပေးနေတဲ့ ထိုင်ဝမ် အကျဉ်းသားများ

မတ် ၁၁။                ။ သံဆူးကြိုး ခြံစည်းရိုးတွေ ကာရံထားတဲ့ ထိုင်ဝမ် အကျဉ်းထောင်တစ်ခုအတွင်းမှာတော့ အကျဉ်းသားအုပ်စုတစ်စုဟာ ဒီရက်ပိုင်းအတွင်း အပ်ချုပ်စက်ခုံတွေပေါ်မှာ ထိုင်ရင်း တကုန်းကုန်းနဲ့ အလုပ်ရှုပ် နေကြလျက် ရှိပါတယ်။

ဒီ အကျဉ်းသားတွေကတော့ အပ်ချုပ်စက်တွေပေါ်မှာ ထိုင်ရင်း နှာခေါင်းစည်းတွေ အလုံးအရင်းထုတ်နိုင်ဖို့ ချုပ်လုပ်နေကြတာဖြစ်ပြီး တနည်းအားဖြင့် ထိုင်ဝမ်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးကာ ကွယ်နိုင်ဖို့ တစ်ဘက်တစ်လမ်းကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။

Taoyuan မြို့ အကျဉ်းထောင်က ဒီထောင်သားတွေဟာ အရင်တုန်းကတော့ ထောင်ဝတ်စုံတွေကိုပဲ ပုံမှန် ချုပ်လုပ်ပေးနေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်ဝမ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း သူတို့တွေဟာ နှာခေါင်းစည်းတွေ ချုပ်လုပ်တဲ့ဘက်ကို ပြောင်းလဲအာရုံစိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလလယ်နောက်ပိုင်း ၎င်းအကျဉ်းသားတွေဟာ နှာခေါင်းစည်း အခုရေပေါင်း ၅၂,၀၀၀ ကျော်အထိ ချုပ်လုပ်ပေးထားခဲ့ပြီးဖြစ်ပါတယ်။

ထိုင်ဝမ်မှာ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းနဲ့ ကြုံနေရချိန် အပြင်မှာ ရှိနေတဲ့ မိသားစုရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မိရင်း ဒီနှာခေါင်းစည်းတွေကို ချုပ်လုပ်နေမိတယ်လို့ အသက် ၅၀ အရွယ် Yuh အမည်ရ ထောင်သားတစ် ဦးက ပြောပါတယ်။

“ ကျွန်တော့် မိသားစုဝင်တွေ ကျွန်တော့်ကို ထောင်ဝင်စာ လာတွေ့တုန်းက ပြောသွားခဲ့ပါတယ်၊ ခုချိန်မှာ အပြင်မှာ နှာခေါင်းစည်း ဝယ်ရတာ အတော်လေး ခက်ခဲနေပြီတဲ့၊ ဒီတော့ ကျွန်တော်ကလည်း သူတို့ကို ပြန်ပြောလိုက် တယ်၊ မပူနဲ့၊ ငါတို့ ဒီမှာ နှာခေါင်းစည်းတွေ လုပ်နေပြီလို့ပေါ့” ဟု Yuh က အေအက်ဖ်ပီကို ပြောပါတယ်။

“ နှာခေါင်းစည်းတွေကို မြင်တိုင်း၊ ဒါတွေက အပြင်မှာ ရှိနေတဲ့ ကျွန်တော့်မိသားစုကို အတိုင်းအတာတစ်ခုအထိ လုံခြုံမှုပေးနိုင်မယ်လို့ ကျွန်တော် တွေးမိပါတယ်” ဟုလည်း ၎င်းက ပြောပါတယ်။

Yuh ကတော့ တရားမဝင် မူးယစ်ဆေးနဲ့ လက်နက်များ လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ထောင် ၂၃ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး လက်ရှိအချိန်မှာ ထောင်ဒဏ် ဆယ်နှစ် ကျခံထားခဲ့ပြီး ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required