တမူး-မိုးရေးနယ်စပ်ဂိတ် ပိတ်မှု နေ့စား အလုပ်သမားများ ဒုက္ခရောက်နိုင်ဟုဆို

တမူး-မိုးရေးနယ်စပ်ဂိတ် ပိတ်မှု နေ့စား အလုပ်သမားများ ဒုက္ခရောက်နိုင်ဟုဆို
ပုံ- တမူး-မိုးရေးနယ်စပ်ဂိတ်ပိတ်ထားသည်ကိုတွေ့ရစဉ်။ (ပုံ- မဇ္ဈိမ)

ရန်ကုန်၊ မတ်လ ၁၀။          ။ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် ဖြစ်သည့် တမူး-မိုးရေးနယ်စပ်ဂိတ်ကို မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ပိတ်လိုက် ခြင်းကြောင့် နှစ်နိုင်ငံအတွင်းမှ နေ့စား အလုပ်သမားများ ထိခိုက်မှု ရှိလာနိုင်သည်ဟု တမူးမြို့နယ် နယ်စပ်ကုန်သွယ်ရေး ဥက္ကဋ္ဌ ဦးလှမောင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ တမူး-မိုးရေးနယ်စပ်ဂိတ် အပါအဝင် ကြားဂိတ်(တရားဝင် နယ်စပ်ဂိတ်အပြင် ခြံစီးရိုးကာရံမထားသည့်ဘက်က ဝင်နေမှုများ)များကိုပါ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အိန္ဒိယအစိုးရဘက်မှ ပိတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပိတ်ရခြင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင် ကာကွယ်သည့် အနေဖြင့် ပိတ်ခဲ့ခြင်းဖြစ်သည်ဟု တမူးမဲဆန္ဒနယ်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးမြင့်နိုင်ဦးက ပြောသည်။

တမူးမြို့နယ် နယ်စပ်ကုန်သွယ်ရေး ဥက္ကဋ္ဌ ဦးလှမောင်က “အဓိက လတ်တလောလူတွေဒုက္ခရောက်နိုင်တဲ့အချက်ကတော့ ငါတို့နိုင်ငံကကော သူတို့နိုင်ငံကကော တစ်နေ့လုပ် တစ်နေ့စား သမားတွေအတွက် ဒုက္ခရောက်မှာပေါ့။ နောက်တစ်ခုက သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွေ လျှပ်စစ်လိုင်းတွေ ရပ်တာပေါ့”ဟု ပြောသည်။

ထိုသို့ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ကို ပိတ်လိုက်သော်လည်း ထိုနယ်စပ်ဂိတ်ကိုဖြတ်ပြီး လုပ်ကိုင်ရသည့် ကုန်သွယ်မှု အခြေအနေများ မည်သို့ ဖြစ်လာမလဲဆိုခြင်းအပေါ် စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တမူးမဲဆန္ဒနယ်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က “ကျွန်တော်တို့ဘက်မှာ နယ်စပ်ဈေးရှိ တယ်၊ နန်းဖာလုံ ဈေးဆိုတာပေါ့။ အဲ့ဒီမှာ အရောင်း အဝယ်ပျက်သွားရင် အတိုင်း အတာ တစ်ခုထိတော့ ထိခိုက်နိုင်တာ ပေါ့”ဟု ပြောသည်။

အဆိုပါ တမူး-မိုးရေး နယ်စပ်ဂိတ်ကို ယာယီပိတ်ထားမှာဖြစ်ပြီး မည်သည့်နေ့တွင် ပြန်ဖွင့်မည်ကိုတော့ အတိအကျ မသိရ သေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly