ဖွဲ့စည်းပုံ ပြင်ဆင်ရေး မသန်စွမ်းနှင့် ပတ်သက်သည့် ပုဒ်မသာ ပြင်ဆင်ရန် သဘောတူ

ဖွဲ့စည်းပုံ ပြင်ဆင်ရေး မသန်စွမ်းနှင့် ပတ်သက်သည့် ပုဒ်မသာ ပြင်ဆင်ရန် သဘောတူ
ဓာတ်ပုံ- သန်းထိုက်အောင်

နေပြည်တော် ၊ မတ် ၁၀

ဒုတိယအကြိမ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ယနေ့ မတ်လ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် မဲပေးဆုံးဖြတ်ခဲ့သည့် ပုဒ်မ ၁၄ ခုတွင် မသန်စွမ်းနှင့် ဆက်စပ်သည့် ပုဒ်မနှစ်ခုသာ ပြင်ဆင်ရန် သဘောတူညီမှု ရရှိခဲ့သည်။

အဆိုပါ သဘောတူညီမှု ရရှိသည့် ပုဒ်မများမှာ ပုဒ်မ ၃၂ (က) မိခင်နှင့် ကလေးသူငယ်များ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှု့စောင့်ရှောက်ရမည်ဟု ပြဌာန်းချက်တွင် အိုမင်းမစွမ်းဆိုသည့် စကားရပ်အစား သက်ကြီးရွယ်အိုများဟု အစားထိုးပြင်ဆင်ရန်နှင့် မသန်မစွမ်းဟူသည့် စကားရပ်ကို မသန်စွမ်းသူများဟု ပြင်ဆင်ရန် လွှတ်တော်က သဘောတူခဲ့ခြင်းဖြစ်သည်။

အလားတူပင် ပုဒ်မ ၃၂ (ခ) မသန်မစွမ်းဖြစ်လာသည့် တပ်မတော်သားများကို သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခမဲ့ သင်ယူနိုင်စေရန် လိုအပ်သည့် ဥပဒေပြဋ္ဌာန်းပေးရမည်ဟု ပြဋ္ဌာန်းချက်တွင် မသန်မစွမ်း စကားရပ်အစား မသန်စွမ်းဟု ပြင်ဆင်ပြောင်းလဲရန် လွှတ်တော်က သဘောတူခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၁၄ ခုကို ပြင်ဆင်ရန် မဲခွဲရာတွင် တပ်မတော်၏ အခွင့်အာဏာနှင့် သက်ဆိုင်သည့် ပုဒ်မများကို လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု မရသဖြင့် ပြင်ဆင်နိုင်ခြင်း မရှိပေ။

မတ်လ ၁၀ရက်နေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည့် ပုဒ်မ ၅အတွက် ထောက်ခံမဲ ၂၃၆မဲ၊ ပုဒ်မ ၆ (ဃ)အတွက် ထောက်ခံမဲ ၄၁၄မဲ၊ ပုဒ်မ ၆ (စ) အတွက် ထောက်ခံမဲ ၄၁၄မဲ၊ ပုဒ်မ ၇ အတွက် ၄၁၃မဲ၊ ပုဒ်မ ၈အတွက် ထောက်ခံမဲ ၄၁၄မဲ၊ ပုဒ်မ ၁၄ အတွက် ထောက်ခံမဲ ၄၀၄မဲ၊ ပုဒ်မ ၁၇ (ခ)အတွက် ထောက်ခံမဲ ၄၀၁မဲ၊ ပုဒ်မ ၂၀ (ဂ) အတွက် ထောက်ခံမဲ ၄၀၃မဲ၊ ပုဒ်မ ၂၆ (က) အတွက် ထောက်ခံမဲ ၃၉၅မဲ၊ ပုဒ်မ ၃၂ (က)အတွက် ထောက်ခံမဲ ၅၈၄မဲ ၊ ပုဒ်မ ၃၂(ခ)အတွက် ထောက်ခံမဲ ၅၈၆မဲ၊ ပုဒ်မ ၃၉အတွက် ထောက်ခံမဲ ၄၀၆မဲ၊ ပုဒ်မ ၄၀(ခ)အတွက် ထောက်ခံမဲ ၄၀၂မဲနှင့် ပုဒ်မ ၄၀ (ဂ) အတွက် ထောက်ခံမဲ ၃၄၃မဲ ရရှိခဲ့သည်။

ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးအတွက် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ရာ ပုဒ်မများကို အနည်းဆုံး ကိုယ်စားလှယ် ၄၉၁ ဦးက ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။

ယနေ့ကျင်းပသည့် လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ ၆၅၄ ဦးရှိသည့်အနက် ကိုယ်စားလှယ် ၆၃၃ ဦး တက်ရောက်ပြီး ၂၁ ဦး ခွင့်တိုင်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required