မြစ်ရေစည်းချက် . . ဧရာဝတီ (၅)

မြစ်ရေစည်းချက် . . ဧရာဝတီ (၅)

သန့်ဇော်(သန်လျင်)

တစ်မျက်နှာဆောင်းပါး

အိုဘယ့်ချီဖွေ

မိုးမရှိတဲ့ နွေကာလ မှာတောင် တောင်ထိပ်က ရေခဲတွေ အရေပျော်လို့ မြစ်ဖျား ချောင်းဖျားမှာ ရေအပြည့် စီးဆင်းနေပါတယ်၊ အဲဒါကြောင့်  ဧရာဝတီမြစ်ဟာ ဧရာမ ရေအလျဉ်ကြီး ဖြစ်နေတာကို တွေ့မြင် မှတ်တမ်းတင်ခဲ့တာ တွေကို စာအုပ်တွေထဲ ဖတ်ဖူးခဲ့ပေမယ့် ခုတော့ နွေရာသီဆိုရင်တောင် အရင်ကလောက် ရေမများတော့ဘဲ  မိုးတွင်းအခါမှ ဧရာဝတီမြစ်ရဲ့အထက်ပိုင်း မလိခနဲ့ အန်မိုင်ခမြစ်တွေမှာသာ ရေအလျင်ကြီးကို တွေ့ရပါတော့တယ်။

မြစ်ကြီးနားခရိုင် ဆော့လော်မြို့နယ်ကန်ဟဲရွာနားက အန်မိုင်ခမြစ်ဟာ မိုးတွင်းဆိုရင် ရေစီး အလွန်ကြမ်းပါတယ်။ ကျောက်ဆောင်တွေလည်း ပေါပါတယ်၊ ဟိုဖက် ဒီဖက် တောင်တွေကြားက မြစ်ဖြစ်တာကြောင့် အဲဒီအချိန် ဆိုရင် လူသူအရောက်အပေါက်နည်းပြီး သစ်တွေ တစ်ဖက်နိုင်ငံကို သယ်ရလွယ်ကူတဲ့ နေရာထိ မြစ်ကြောင်းအတိုင်း မျှောတာလောက်ပဲရှိပါတယ်။ ခရီးသွားလုပ်ငန်းတချို့ကတော့ တချို့နေရာတွေမှာ ကနူးလှေ အပျော်စီးတဲ့ လုပ်ငန်း လုပ်ကိုင်တာလည်းတွေ့ရပါတယ်။ တရုတ်ပြည်ကနေ မြစ်ဖျားခံလာပြီး နမ်ဇွန်ဘောနဲ့ ဘာလီကျေးရွာဖက်ကနေ ဆော့လော်မြို့နယ် ချီရှမ်ရွာအစွန် တောင်ကနေမြောက်ဖက် စီးတဲ့ ချောင်း(အမည်မသိ) ဟာ အန်မိုင် ခမြစ်ထဲ စီးဝင်တဲ့အခါ အန်မိုင်ခမြစ်ရေဟာ ပိုတောင်တိုးလာတာ တွေ့ရပါတယ်။

ဘယ်နေရာကိုပဲကြည့်ကြည့် တောင်တွေချည်းပဲဖြစ်ပြီး တောင်ကြားတချို့မှာတော့ လူသွားလမ်း ကလေးတွေ ရှိလို့ တချို့နေရာတွေမှာ ရေစီးကြောင်းလေးတွေတောင်ရှိပါတယ်။ အဲဒီနေရာတွေဟာ မိုးတွင်းဆိုရင် ချောင်း ကလေးတွေအဖြစ် ပြောင်းလဲသွားပြီး အန်မိုင်ခမြစ်ထဲကို အလုံးအရင်းနဲ့ ရေတွေ စီးဝင်ပါတော့တယ်။ တချို့ရေစပ်စပ်ကလေးရှိတဲ့ ချောင်းလက်တက်ကလေးတွေမှာ ရွှေရှာသူ ရွှေကျင်သူနှစ်ယောက်စ သုံးယောက် စလောက်တော့ တွေ့ရတတ်ပါတယ်။

ကမ်ဟဲကနေ အောက်ဖက် မြစ်ကြောင်းအတိုင်း အတော်လေးစုန်ဆင်းသွားရင် ချီဖွေ မရောက်ခင်မှာ တော့ သတ္တုတူးဖော်ရေး အဆောက်အအုံတွေကို တွေ့ရမှာဖြစ်ပါတယ်။ ချီဖွေရောက်တော့ စိုက်ခင်းတွေကိုတွေ့ရပါတယ်။ တချို့နေရာတွေမှာ စိုက်ခင်းအနည်းအကျဉ်းရှိပေမယ့် ချီဖွေမှာကတော့ တော်တော်များများကိုတွေ့ရပါတယ်။ ချီဖွေချောင်းနဲ့ အန်မိုင်ခမြစ်ဆုံရာမှာတော့ အန်မိုင်ခရဲ့မြစ်ပြင်ဟာ ကျယ်ဝန်းပြီး သောင်ထွန်းနေတာတွေ့ရပါတယ်၊ အဲဒီသောင်တွေကြားထဲကပဲ ချီဖွေချောင်းဟာ အန်မိုင်ခမြစ်ထဲစီးဝင်တာဖြစ်ပါတယ်။ မိုးတွင်းဆိုရင်တော့ ရေပြည့်နေပြီးမြစ်ပြင်ဟာ ကျယ်ဝန်းတယ်လို့ ဒေသခံတွေပြောကြပါတယ်။

ချီဖွေချောင်းဟာ တရုတ်ပြည်ဖက်အခြမ်းက မြစ်ဖျားခံပြီး အန်မိုင်ခမြစ်ထဲကို စီးဝင်တာပါ။ ချီဖွေချောင်းပေါ်မှာတော့ ချီဖွေချောင်းကို ဖြတ်ပိတ်ပြီး ချီဖွေငယ်တမံ တည်ဆောက်ထားပါတယ်။

ချီဖွေချောင်းထဲကရေကို ချီဖွေငယ်တမံကတဆင့် အောက်ဘက် မေခမြစ်ဘေးက ချီဖွေငယ်ရေအား လျှပ်စစ် စက်ရုံဆီကို ဥမင်ပိုက်လိုင်းနဲ့ ပို့တာဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်တာဖြစ်ပါတယ်။

ဝမ်းနည်းစရာကောင်းတာက ချောင်းအထက်ပိုင်း ပန်ဝါဒေသမှာ မြေရှားသတ္ထုတွေကို အကြီးအကျယ် ထုတ်လုပ်ရာက ထွက်လာတဲ့ ဓါတုဗေဒ ပစ္စည်းတွေကြောင့် ချီဖွေချောင်းထဲမှာတော့ ငါးစတဲ့ သက်ရှိတွေ အသက်မရှင် နိုင်တော့ဘဲ ရေကလည်း သုံးလို့ မရတော့တာ ဖြစ်ပါတယ်။

အဲဒီဓာတ်အားပေးစက်ရုံကနေ လျှပ်စစ်ဓာတ်အား ၉၉ မဂ္ဂါဝပ်ထုတ်လုပ်ပြီး ၂၄ - ၉ -၂၀၁၃ နေ့မှစလို့ ကချင်ပြည်နယ်အတွင်းကို ပို့လွှတ်နေပြီး ဒေသခံတွေ သုံးလို့ရနေပြီလို့ သိရပါတယ်။ ရွှေလီ(၁)နဲ့ တာပိန်(၁) စီမံကိန်းတွေပြီး ရင် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံဟာ မြန်မာနဲ့တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီး လည်ပတ်နိုင်တဲ့ တတိယမြောက် စက်ရုံဖြစ်တယ်လို့ လည်း သိရပါတယ်။  

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရရှိလို့ လူတွေအတွက် အကျိုးရှိနေတာက တစ်ဖက်၊ မသမာလောဘဇောတွေနဲ့ စည်းကမ်းမရှိ မြေရှားသတ္ထုတွေကို အကြီးအကျယ်ထုတ်လုပ်ပြီး ပတ်ဝန်းကျင်ပျက်စီးအောင် လုပ်ဆောင်နေတာကို မဟန့်တားနိုင်တာနဲ့ မြစ်ရေထိန်းသိမ်းမှု ညံ့ဖျင်းလို့ ရေရှည်အကျိုးအတွက် ဒုက္ခရောက်ကြမှာက တစ်ဖက်နဲ့ ကျွန်တော်တို့တွေ . .တစ်ခုခု တော့ လုပ်ကြရပါလိမ့်မယ်။

ဘယ်က စပြီး လုပ်ကြမလဲ…

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly