ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး အမေရိကန်ဒေါ်လာ ၂ ထရီယံ နစ်နာနိုင်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး အမေရိကန်ဒေါ်လာ ၂ ထရီယံ နစ်နာနိုင်
Photo  - AFP

မတ်လ ၁၀။               ။ လူသေဆုံးစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟာ အခုနှစ်ထဲ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀ ထရီယံကနေ ၂ ဒသမ ၀ ထရီယံကြား ထိခိုက်နစ်နာနိုင် တယ်လို့ ကုလသမဂ္ဂ စီးပွားရေးပညာရှင်တွေက တနင်္လာနေ့မှာ သတိပေးလာပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ သက်ရောက်မှု လျော့ပါးရေးအတွက် အစိုးရတွေအနေနဲ့ ကြိုးစားဖော်ဆောင်ကြရန်လည်း ကုလသမဂ္ဂက တိုက်တွန်းပြောဆိုပါတယ်။

COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဟာ နိုင်ငံအချို့ကို စီးပွားရေးကပ်ထဲ ဆွဲချလိမ့်မှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးတစ်ရပ်လုံးလည်း ဖွံ့ဖြိုးမှု သိသိသာသာ နှေးကွေးစေလိမ့်မယ်လို့ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံ UNCTAD ရဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာတစ်လွှား လူပေါင်း ၁၁၀၀၀၀ ကျော် ကူးစက်ဖြစ်ပွားပြီး သေဆုံးသူ ၃၈၀၀ ကျော် ရှိနေပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပျံ့နှံ့မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းအောက် ကျဆင်းနိုင်ပြီး ကမ္ဘာ့စီးပွားရေး ကျဆင်းမှုဆီ ဦးတည်လာကြောင်း UNCTAD က ဆိုပါတယ်။

“ကျွန်တော်တို့ မှန်းဆချက်အရတော့ ကမ္ဘာ့စီးပွားရေး နှေးကွေးမှုဟာ ဒီနှစ်ထဲမှာ ၂ ရာခိုင်နှုန်းအောက် ရှိလိမ့်မယ်။ စီးပွားရေးထိခိုက်နစ်နာမှုက ဒေါ်လာ တစ်ထရီယံအထက် ရှိလာနိုင်တယ်။”လို့ UNCTAD မှ ဂလိုဘယ်လိုက် ဇေးရှင်းနှင့် ဖွံ့ဖြိုးမှု မဟာဗျူဟာဌာန အကြီးအကဲ ရစ်ချက်ကိုဇူဝှိုက်က ပြောပါတယ်။

“အခုအခါမှာ မေးမြန်းသင့်တဲ့ မေးခွန်းက ဒေါ်လာ တစ်ထရီယံ နစ်နာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ အပြုသဘောဆောင်တဲ့ ခန့်မှန်းချက်လားဆိုတာပါပဲ။ အဆိုးဆုံး အခြေအနေအဖြစ် ခန့်မှန်းရရင်တော့ ဒေါ်လာ နှစထရီယံ အထိ ထိခိုက်နစ်နာနိုင်တယ်ဆိုတာပါပဲ။”ဆိုပြီး ဂျီနီဗာမှာ ပြုလုပ်တဲ့ ညီလာခံမှာ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

စားသုံးသူနဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်မှု ပျောက်ဆုံးခြင်း၊ ကမ္ဘာ့ဝယ်လိုအား ကျဆင်းခြင်း၊ ကြွေမြီဖောင်းပွခြင်းနဲ့ ကျယ်ပြန်လာတဲ့ ဈေးကွက်စိုးရိမ်မှုတွေက ကမ္ဘာစီးပွားရေးကို ဖိစီးလျက်ရှိနေတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly