ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီစီးရီးအေလိဂ်ကို ဧပြီလထိ ရပ်နား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီစီးရီးအေလိဂ်ကို ဧပြီလထိ ရပ်နား
Photos: EPA

မတ်၊ ၁၀

အီတလီနိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ အားကစားပြိုင်ပွဲတွေ အားလုံးကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧပြီ ၃ရက်နေ့ထိ မကျင်းပဖို့ ရပ်နားလိုက်ပါပြီ။ အဲ့ဒီထဲမှာ အီတလီနာမည်ကြီး စီးရီးအေလိဂ်ဘောလုံးပြိုင်ပွဲလည်း ပါဝင်ပါတယ်။

အီတလီဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီက အခုလိုရပ်နားဖို့ ထုတ်ပြန်လိုက်တာပါ။

အခုလိုအီတလီစီးရီးအေလိဂ်ကို ရပ်နားခဲ့ရပေမယ့် အဲ့ဒီကနေ ဥရောပချန်ပီယံလိဂ်ကို ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိတဲ့အသင်းတွေရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကိုတော့ ပရိသတ်အဝင်မခံတော့ဘဲ ကွင်းပိတ်ကစားကြမှာဖြစ်တယ်လို့သိရပါတယ်။

အီတလီအားကစားဝန်ကြီးချုပ် စပါဒါဖိုရာက အီတလီနိုင်ငံမြောက်ပိုင်းရဲ့ လူဦးရေ ၁၆ သန်းလောက်ကို ဗိုင်းရပ်စ်ကူးစက်မပျံ့ပွားအောင် လုပ်ဆောင်နေတဲ့အချိန်မှာ ဘောလုံးပြိုင်ပွဲတွေ ဆက်လက်ကျင်းပနေမယ်ဆိုရင် အဓိပ္ပာယ်မရှိဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန်ပွဲစဉ်ကိုတော့ တံခါးပိတ်ကစားခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ်ပြည်ပြင်ပမှာ အဖြစ်များဆုံးနဲ့ အသေအပျောက် အများဆုံးနိုင်ငံအဖြစ် အီတလီနိုင်ငံက ရပ်တည်လျက်ရှိပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၉ ထောင်ကျော်ရှိနေပြီး သေဆုံးမှုနှုန်းကတော့ ၄၅၀ ကျော်လောက် ဖြစ်ပွားလျက်ရှိပါတယ်။

ဒါ့ကြောင့် လူစုလူဝေးများနိုင်တဲ့ အားကစားပွဲတော်အများစုကို ရပ်နားခဲ့ကြတာပါ။

ဒီကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုအားကစားလောကကိုပါ ထိခိုက်လာနေပြီဖြစ်ပြီး အခြားသော ဥရောပဘောလုံးလိဂ်ပြိုင်ပွဲတွေနဲ့ အိုလံပစ်ပြိုင်ပွဲကိုလည်း ဆက်လက်ကျင်းပဖို့နဲ့ ရပ်ဆိုင်းဖို့ သင့်မသင့်ကို ဆွေးနွေးနေလျက်ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly