အိပ်ယာပေါ်က စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် အစားအစာ ၇ မျိုး

အိပ်ယာပေါ်က စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် အစားအစာ ၇ မျိုး

ရေးသားသူ Ye Zon Aung
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ပျော်ရွှင်စရာ ကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ဖို့ ဆိုတာဟာ စိတ်ပိုင်းဆိုင်ရာ အရရော၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ကျန်းမာကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ စိတ် အလိုဆန္ဒအတိုင်း စွမ်းဆောင်နိုင်မှ ကျေနပ်ပျော်ရွှင်မှုကို ရရှိမှာ မဟုတ်လား။

လိင်စွမ်းဆောင်ရည် မပြည့်ဝတာ၊ ကျေနပ် နှစ်သက်မှု မရတာ၊ အထွတ်အထိပ် မရောက်တာတွေဟာ ချစ်သူ၊ အိမ်ထောင်ဖက်တွေနဲ့ ဆက်ဆံရေးမှာ ကြီးမားတဲ့ အနှောင့်အယှက်တွေ ဖြစ်စေလေ့ ရှိပါတယ်။ ချစ်ခြင်း မေတ္တာတွေ၊ အပြန်အလှန် နားလည်မှုတွေ ဘယ်လောက်ပဲ ထားရှိနေတယ် ဆိုသော်ငြားလည်း အိပ်ယာပေါ်မှာ ကျေနပ်စရာတွေ မရှိဘူးဆိုရင် ဆက်ဆံရေးမှာ အဖုအထစ်တွေဖြစ်ဖို့ ရာခိုင်နှုန်း အတော်များများ သေချာနေတတ်ပါတယ်။

ဒါကြောင့်လည်း (အထူးသဖြင့် အမျိုးသားတွေဟာ) စိတ်ကျေနပ်စရာ လိင်မှုစွမ်းဆောင်ရည်ကို ပုံမှန် စွမ်းဆောင်ပြနိုင်ဖို့၊ ထိမ်းသိမ်းထားနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေကြလေ့ရှိပါတယ်။ ဒါပေမယ့်လည်း သူတို့အနေနဲ့ နီးစပ်ရာအပေါင်းအသင်းတွေရဲ့ အကြံပေးမှုတွေကိုနားယောင်ပြီး ဆေးဝါးတွေ၊ ဆေးမြီးတိုနည်းလမ်းတွေ သုံးစွဲကြဖို့ ပိုစိတ်အားထက်သန်ကြလေ့ ရှိပါတယ်။ တကယ်တမ်းမှာတော့ စွမ်းဆောင်ရည် ပြည့်ဝတဲ့ လိင်စွမ်းဆောင်ရည်ကို အကောင်းဆုံးဖော်ထုတ်ပေးနိုင်တဲ့ အရာတွေက သင့်အနီးအနားက သဘာဝ အစားအစာတွေသာ ဖြစ်ပါတယ်။

သဘာဝ အစားအစာတွေဟာ ကိုယ်အလေးချိန် လျှော့ချတာအပြင် ကိုယ်စိတ်နှစ်ပါး ကျန်းမာစေဖို့ အထူးတလည် အထောက်အကူဖြစ်စေတယ်လို့ ခေတ်အဆက်ဆက် ဆေးဝါးပညာရှင်ကြီးတွေက လက်ခံလာခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာတော့ သိပ္ပံနည်းကျ သုတေသနပြုချက်တွေနဲ့ ဒီအချက်တွေ မှန်ကန်နေကြောင်းလည်း သက်သေပြနိုင်နေပြီဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ အိပ်ယာပေါ်က စွမ်းဆောင်ရည်ကို အကောင်းဆုံး မြှင့်တင်ပေးမယ့် အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။

အိပ်ယာပေါ်က စွမ်းဆောင်ရည်ကို အကောင်းဆုံး မြှင့်တင်ပေးမယ့် အစားအစာတွေ

၁။ အသား – အမဲသားနဲ့ ဆိတ်သားဟာ လိင်မှုကိစ္စတွေမှာ စွမ်းဆောင်ရည် ကောင်းအောင် အထောက်အကူပြုတယ်လို့ ရှေးအာယုဗေဒကျမ်းတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။ ခေတ်အဆက်ဆက်၊ ယဉ်ကျေးမှုအမျိုးမျိုးမှာလည်း အသားစားသုံးမှုဟာ လူတွေရဲ့ လိင်မှုကိစ္စအပေါ် သက်ရောက်မှုကြီးမားကြောင်း အယူအဆတွေရှိခဲ့တယ် မဟုတ်လား။ အမဲသား၊ ကြက်သား၊ ဝက်သားနဲ့ ဆိတ်သားအပါအဝင် အသားတွေမှာ ပရိုတိန်း၊ Carnitine ၊ L-arginine နဲ့ Zinc တို့ပါဝင်ပါတယ်။ Carnitine နဲ့ L-arginine တို့ဟာ Amino Acids အမျိုးအနွယ်တွေ ဖြစ်ကြပြီးတော့ သွေးစီးဆင်းမှုကို ကောင်းမွန်စေတဲ့ အကျိုးအာနိသင် ရှိပါတယ်။ အနှောင့်အယှက်မရှိ သွေးစီးဆင်းနိုင်မှုဟာ အမျိုးသား၊ အမျိုးသမီးအားလုံးအတွက် လိင်မှုကိစ္စမှာ အရေးပါတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

၂။ ကမာ – ကမာကောင်ရဲ့ ကာမအားတိုးစေတဲ့ ဂုဏ်သတ္တိအကြောင်း ကြားဖူးသူ နည်းပါးရင် နည်းပါး နိုင်ပါတယ်။ ကမာ၊ ခုံးကောင်နဲ့ ခုံးယောင်းမစတဲ့ မျိုးစိတ်အားလုံးမှာ Testosterone နဲ့ Estrogen ပမာဏကို တိုးပွားစေမယ့် ကွန်ပေါင်းတွေ ပါဝင် နေပါတယ်။ အဆိုပါ ကျားဟိုမုန်းနဲ့ မဟိုမုန်းကို မြှင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိကြောင့် လူတွေရဲ့ လိင်စိတ်ဆန္ဒကို တိုးပွားစေမှာ ဖြစ်ပါတယ်။ ကမာတွေမှာ Zinc လည်း ကြွယ်ဝစွာ ပါရှိနေတာမို့ လိင်အင်္ဂါတွေဆီကို သွေးစီးဆင်းမှု ကောင်းမွန်စေပြီး စွမ်းဆောင်ရည်ပိုမိုကောင်းမွန်စေဖို့ အထောက်အကူပြု ပါလိမ့်မယ်။

၃။ ဆဲလ်မွန်ငါး – ဆဲလ်မွန်ငါးဟာ နှလုံးကို အကျိုးပြုတဲ့ Omega-3 fatty acids ကြွယ်ဝစွာပါရှိတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆဲလ်မွန်ငါးမှာ နှလုံးရောဂါအတွက်သာမက လိင်မှုဘဝကိုလည်း အထောက်အကူဖြစ်စေ နိုင်ပါတယ်။ Omega-3 ဟာ ကိုယ်တွင်းက သွေးလွှတ်ကြောတွေမှာ ချိုးမကပ်အောင် ကာကွယ်ပေးနိုင်ပြီးတော့ ဒီအချက်က သွေးစီးဆင်းမှုကို ချောမွေ့ကောင်းမွန်စေမှာဖြစ်သလို သွေးစီးဆင်းအား ကောင်းလေလေ လိင်စွမ်းဆောင်ရည်လည်း မြင့်လေလေပါပဲ။

၄။ အစေ့၊ အဆံများ – ချောကလက်လေးတွေဟာ လိင်ကိစ္စမှာ ကောင်းမွန်စေတဲ့ အကျိုးတွေရှိစေတယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်တမ်းမှာတော့ အစေ့အဆံတွေ ရောစပ်ထားတဲ့ ချောကလက်တွေကသာ လိင်မှုဘဝမှာ ကျေနပ်ဖွယ် စွမ်းဆောင်ရည်တွေရအောင် ကူညီနိုင်တာဖြစ်ပါတယ်။ Zinc နဲ့ L-arginine တွေ အပြင် Omega-3 ပါ ပေါပေါသီသီပါဝင်နေတဲ့ အစေ့အဆံတွေဟာ လိင်ကိစ္စမှာ အလွန်အထောက်အကူပြုတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။

၅။ ပန်းသီး – ပန်းသီးတွေဟာ ရိုမန်တစ်ဆန်တဲ့ အစားအစာတစ်ခု အဖြစ် မှတ်ယူခံရလေ့ရှိပါတယ်။ ကြည်နူးဖွယ် အချစ်ဇာတ်လမ်းတွေရဲ့ ဇာတ်ဝင်ခန်းတွေမှာ ပန်းသီးဟာ မပါမဖြစ် အစားအစာတစ်မျိုး ပါပဲ။ နှလုံးနဲ့ အသွင်သဏ္ဍာန်ခြင်း ဆင်တာကြောင့် ပန်းသီးကို ခုလို ရိုမန်တစ်ဆန်ဆန် ရှုမြင်ကြတာ ဖြစ်ပေမယ့် တကယ်တမ်း အဆိုပါသစ်သီးဟာ လိင်မှုကိစ္စကိုလည်း စွမ်းဆောင်ရည်မြင့်တက်လာအောင် အထောက်အကူပြုနိုင်ပါသေးတယ်။ ပန်းသီးမှာပါဝင်တဲ့ Quercetin ဆိုတဲ့ Antioxidant ဟာ လိင်မှုဘဝမှာ ကျေနပ်စရာစိတ်ခံစားချက်တွေ ပိုမိုတိုးပွားလာစေဖို့ အကျိုးပြု ပါတယ်။

၆။ ကြက်သွန်ဖြူ – ကြက်သွန်ဖြူဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ လူသိများလှသလို အစားအသောက်နဲ့ ဟင်းအမယ် တော်တော်များများ မှာလည်း ရောစပ်ထည့်သွင်းခြင်း ခံရတဲ့ ဟင်းခတ်တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ ပြင်းထန်လှတဲ့ အနံ့နဲ့ အရသာတွေကြောင့် အမျိုးသား အတော်များများကတော့ ကြက်သွန်ဖြူကို မနှစ်သက် ကြပါဘူး။ ဒါပေမယ့် လိင်ကိစ္စ မစတင်ခင်မှာ ကြက်သွန်ဖြူစားသင့်တယ်လို့ သိပ္ပံပညာရှင်တွေက အကြံပြုထားကြ ပါတယ်။ ကြက်သွန်ဖြူက ခံတွင်းနံ့ပြင်းထန်စေတာမှန်ပေမယ့် ဒါက ဖြေရှင်းရ ခက်ခဲလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

၇။ ဝိုင်နီ – ဝိုင်အမျိုးအစား အမျိုးမျိုးရှိပေမယ့် ဝိုင်နီက အဖြူထက်ပိုပြီး လိင်ဆန္ဒကို နှိုးဆွပေး နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ လိင်ကိစ္စမစတင်ခင် ဝိုင်နီ တစ်ခွက်လောက် သောက်ထားမယ် ဆိုရင် စိတ်ခံစားချက် ပိုမိုကောင်းမွန်နေတာကို ကြုံရပါလိမ့်မယ်။ ဝိုင်မှာလည်း ကြက်သွန်ဖြူလိုပဲ Quercetin ပါဝင်ပြီး လိင်စိတ်ဆန္ဒကို ဖြစ်ပေါ်စေနိုင် ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အစားအစာတွေဟာ လူတစ်ဦးချင်းစီရဲ့ လိင်မှုဘဝမှာ အကျိုးကျေးဇူး အများဆုံး ပေးနိုင်တဲ့ အစားအစာတွေဖြစ်ပြီးတော့ နေ့စဉ် ပုံမှန် မှီဝဲမယ်ဆိုရင် အိပ်ယာပေါ်က စွမ်းဆောင်ရည်ကို ဆေးဝါးဓာတ်စာမလိုပဲ မြှင့်တင် ပေးနိုင်ပါလိမ့်မယ်။ ပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်မယ်ဆိုရင် ချစ်ခရီးလမ်းဟာလည်း ပျော်ရွှင်ဖွယ် အတိ ဖြစ်နေမယ် မဟုတ်လား။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly