လုပ်ကြံသတ်ဖြတ်ခံရမည့်ဘေးမှ ဆူဒန်ဝန်ကြီးချုပ် ကံအားလျော်စွာ လွတ်မြောက် 

လုပ်ကြံသတ်ဖြတ်ခံရမည့်ဘေးမှ ဆူဒန်ဝန်ကြီးချုပ် ကံအားလျော်စွာ လွတ်မြောက် 
Photo: AFP

မတ် ၉ 

ဆူဒန်ဝန်ကြီးချုပ် အဗ္ဘဒယ်လာ ဟမ်ဒေါ့ခ်ဟာ မတ်လ ၉ ရက်မှာ လုပ်ကြံသတ်ဖြတ်ခံရမယ့် အရေးနဲ့ ကြုံခဲ့ပေမယ့် ကံအားလျော်စွာ လွတ်မြောက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ဆူဒန်ဝန်ကြီးချုပ် ဟမ်ဒေါ့ခ်ကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ကြောင်း၊ ဟမ်ဒေါ့ခ်ဟာ ထိခိုက်ဒဏ်ရာမရခဲ့ကြောင်း ၎င်းရဲ့ ထိပ်တန်းလက်ထောက်တစ်ဦးက အတည်ပြုပါတယ်။

မြို့တော် ခါတွန်မှာ ဝန်ကြီးချုပ် ဟမ်ဒေါ့ခ်ရဲ့ ယာဉ်တန်းအနီး ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ခဲ့ပေမယ့် ၎င်းဟာ တစုံတရာ ထိခိုက်အန္တရာယ် မရှိခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး ဝန်ကြီးချုပ် ဟမ်ဒေါ့ခ် ဘေးကင်းခဲ့တယ်လို့လည်း ၎င်းရဲ့ မိသားစုကလည်း အတည်ပြုပါတယ်။

ဒီ ပေါက်ကွဲမှုဖြစ်ပြီးနောက် ဝန်ကြီးချုပ် ဟမ်ဒေါ့ခ်ဟာ ၎င်းရဲ့ရုံးကို ဆက်လက်သွားရောက်ခဲ့ပြီး ဘေးကင်းလုံခြုံတဲ့နေရာမှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။

ဒီလို လုပ်ကြံတိုက်ခိုက်မှု နဲ့ပတ်သက်လို့ လက်တလောမှာ ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံထုတ်ဖော်ခြင်းမရှိပါဘူး။

အွန်လိုင်းပေါ် ရောက်လာတဲ့ ဗီဒီယိုထဲမှာတော့ ဆူဒန်အစိုးရထိပ်တန်းပုဂ္ဂိုလ်တွေ စီးတဲ့ ဂျပန်ထုတ် SUV ကားတွေ လမ်းတစ်လမ်းပေါ်မှာ ရပ်ထားတာကို တွေ့ရသလို ကားတစ်ချို့ ပြတင်းမှန်တံခါးတွေ ထိခိုက်ပျက်စီးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ယင်းနိုင်ငံမှာ အာဏာရှင်ဆန်တဲ့ သမ္မတ အိုမာ အယ်လ် ဘာရှား ပြီးခဲ့တဲ့ ဧပြီလက ပြုတ်ကျသွားပြီးနောက် သြဂုတ်လမှာ မစ္စတာ ဟမ်ဒေါ့ခ်ဟာ ဆူဒန်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံထားခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly