လွယ်ခမ်ကျေးရွာအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေဟု ဒေသခံများဆို

လွယ်ခမ်ကျေးရွာအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေဟု ဒေသခံများဆို
ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း ငွေကျပ် ၂၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါး များဖမ်းဆီးရမိစဉ်။

မတ်  ၉။               ။ မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများရှာဖွေတွေ့ရှိခဲ့သော ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် မူးယစ်အထူးတပ်ဖွဲ့များ ပူးပေါင်းကာ တစ်အိမ်တက် တစ်အိမ် ဆင်းလိုက်လံစစ်ဆေးမှုများပြုလုပ်နေကြောင်း လွယ်ခမ်ကျေးရွာဒေသခံတချို့က ဆိုသည်။

လွယ်ခမ်ကျေးရွာသူ ဒေါ်ဆိုင်းမန်က“ရွာခံတွေခေါ်လာပြီးတော့ တပ်ကနေ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်စစ်နေတယ်။ တစ်ချို့ အိမ်တွေက သော့ခတ်ပြီး ပြေးကုန်ကြပြီ။ တစ်ချို့က ဗမာတွေ ရောက်လာပြီဆိုပြီး မူးယစ်ဆေး လုပ်လုပ် မလုပ်ပြေးကုန်ကြတာပဲ။”ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်ကျေးရွာအနီး ပတ်ဝန်းကျင်နေရာများ၌ ဖေဖော်ဝါရီ ၂၈ရက်မှ မတ်လ ၇ရက်အထိ ငွေကျပ် ၁၀၃ ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ နယ်မြေတစ်ဝိုက်အား နယ်မြေလုံခြုံရေးနှင့် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း သတင်းထုတ်ပြန်ထားသည်။

မတ်လ ၈ရက်ကလည်း လွယ်ခမ်ရွာတွင် ဆက်လက်ရှာဖွေရာ ၂၄ ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသို့ ရှာဖွေတွေ့ရှိမှုများကြောင့်ပင် ယနေ့ မတ်လ ၉ရက်အထိ တစ်အိမ်တက် တစ်အိမ်ဆင်း ဆက်လက်ရှာဖွေနေခြင်းဖြစ်သည်။

ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း ငွေကျပ် ၂၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါး များဖမ်းဆီးရမိစဉ်။

“အပြင်ဘက်ကျတဲ့အိမ်တွေမှာတော့ တပ်တွေရှိနေသေးတယ်။ ကျွန်မလည်းအိမ်မှာသာ နှစ်ခေါက်လာစစ်သွားတာ။ ဘယ်တပ်လဲ မမေးဖြစ်ဘူး။ သူတို့ဘက်ကတော့ ၉၉ တပ်ထားတာတော့ တွေ့တယ်။ တပ်မ ၉၉ ဆိုတဲ့ တံဆိပ် တပ်ထားတာတော့တွေ့တယ်။” ဟုဒေါ်ဆိုင်မန်က ဆိုသည်။

လွယ်ခမ်ကျေးရွာတွင် ကချင်လူမျိုးများ၊ ဗမာလူမျိုးများနှင့် တရုတ်လူမျိုးများနေထိုင်ကြပြီး မူးယစ်ဆေးဝါးရှာဖွေတွေ့ရှိသည့် နေအိမ်အများစုသည် တရုတ်လူမျိုး အများစုနေထိုင်ကြောင်း သိရသည်။

လွယ်ခမ်ကျေးရွာမှ ဒေသခံဒေါ်ခင်ဝင်းကလည်း “တပ်ကတော့ အခုဗမာတွေ လာနေကြတယ်။ ရဲရော၊ တပ်ရော၊ မူးယစ်ရော အန်တီတို့ အခုထမင်းတွေ ချက်ကျွေးနေရတယ်။ ရပ်ရွာဒေသခံတွေကတော့ အေးအေးချမ်းချမ်းပဲသွားသွားလာလာ လုပ်နေကြတယ်။ ထမင်းချက်ကျွေးပါဆိုလို့ ချက်ကျွေးလိုက်တယ်။ ဘာမှမလုပ်တဲ့သူကတော့ ဘာမှ ကြောက်စရာမလိုပါဘူး။တစ်အိမ်တက်တစ်အိမ်ဆင်း၊ တစ်အိမ်ကို နှစ်ခါသုံးခါစစ်တယ်။” ဟု ပြောသည်။

လွယ်ခမ်ကျေးရွာရှိ တရုတ်လူမျိုးအများစုသည် မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် အိမ်များသာမက ကျန်သည့် အိမ်များလည်း ထွက်ပြေးတိမ်းရှောင်မှုများပြုလုပ်ကြောင်း သိရသည်။

ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း ငွေကျပ် ၂၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါး များဖမ်းဆီးရမိစဉ်။

“အားလုံးကတော့ အေးအေးချမ်းချမ်းပါပဲ။ ရွာထဲမှာတော့ တစ်ချို့လည်း ထွက်ပြေးတာတွေ ရှိတာပေါ့။ သူတို့လည်းသူတို့ အပြစ်နဲ့ သူတို့ ထွက်ပြေးတာလို့ ယူဆတယ်။ကျွန်မတို့အတွက်တော့ လုံခြုံပါတယ်။ သူတို့ရော လုံခြုံရေးယူတဲ့ အဖွဲ့ရောစစ်ကြောင်းတွေရော ရဲတပ်ဖွဲ့ကလည်း သူတို့ အလုပ်သူတို့လုပ်၊ သူတို့လည်း တာဝန်အရ ရှာတာပေါ့။ ကျွန်မတို့လည်း ရှာခိုင်းတယ်။ သူတို့လည်း ပြီးတာနဲ့ပြန်တယ်။”ဟု ဒေါ်ဆိုင်မန်က ဆိုသည်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုနှင့် ကျေးရွာအတွင်း ရှာဖွေမှုများနှင့် ပတ်သက်ပြီး ကွတ်ခိုင်မြို့မ ရဲစခန်းသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် ပြောရေးဆိုခွင့်မရှိသောကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

မူးယစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ အဓိကတရားခံများနှင့် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နယ်မြေတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ မတ်လ(၈)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required