ကိုရီးယားကပြန်လာသည့် မြန်မာ ၁၂ ဦးကို အမျိုးသမီးနှင့် ကလေးဆေးရုံကြီး လေးထပ်ဆောင်သစ်တွင် စောင့်ကြည့်နေ

ကိုရီးယားကပြန်လာသည့် မြန်မာ ၁၂ ဦးကို အမျိုးသမီးနှင့် ကလေးဆေးရုံကြီး လေးထပ်ဆောင်သစ်တွင် စောင့်ကြည့်နေ

မတ်  ၉။              ။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်မှုမြင့်မားနေသော တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှ ပြန်လာသည့် မြန်မာလုပ်သားနှစ်ဦး မတ်လ ၈ ရက်နေ့ညပိုင်းက ထပ်မံရောက်ရှိလာသောကြောင့် စုစု ပေါင်းလူနာ ၁၂ ဦးကို တောင်ဥက္ကလာပမြို့နယ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် အသွားအလာကန့်သတ်ပြီး စောင့်ကြည့်နေရတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက မဇ္ဈိမကို ပြောသည်။

 တောင်ဥက္ကလာပမြို့နယ်၊အမျိုးသမီးနှင့် ကလေးဆေးရုံကြီး ၊ ဆေးရုံအုပ်ဒါက်တာဝင်းမော်ဦးက “ဒယ်ဂူးကနေလာတဲ့ ခရီးသည်ပေါ့။ မြန်မာလူမျိုး ၂ ယောက် မနေ့က ည ၁၁ နာရီက ရောက်တယ်။ လေယာဉ်ပေါ်ကနေ ဆင်း ဆင်းချင်း အိမ်မပြန်ခိုင်းဘူး။ ဒီထဲမှာ ၁၄ ရက်စောင့်ကြည့်တာ။ ဟို ၁ဝ ယောက်က မနေ့က မနက်က ရောက်တာ။ မနေ့က ညက နောက်ထပ် ၂ ယောက် ထပ်ရောက်တယ်။ အကုန်လုံး ကျန်းမာရေးအခြေအနေကောင်း မွန် လျှက်ရှိပါတယ်” ဟု ပြောသည်။

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသို့ မတ်လ ၈ ရက်နေ့မနက်တွင် ပြန်လာသည့် မြန်မာနိုင်ငံသား ၁၃ ဦးအနက် ၁ဝ ဦးကို တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ထားရှိစောင့်ကြည့်နေပြီး ၃ ဦးကို ဝေဘာဂီဆေးရုံကြီးတွင် စောင့်ကြည့်နေကြောင်း မတ်လ ၈ ရက် ည ၈နာရီတွင် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းပြီး မတ်လ ၈ ရက် ည ၁၁ နာရီတွင် တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကြီးသို့ ၂ ဦး ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။

COVID-19 ရောဂါလက္ခဏာများမတွေ့ရှိသော်လည်း ရောဂါအဓိကဖြစ်ပွားပျံ့နှံ့ရာနေရာများမှ ပြန်လာသူများကို ဆေးရုံတွင် အသွားအလာကန့်သတ်ပြီး ၁၄ ရက်စောင့်ကြည့်မှုပြုလုပ်ရန် တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ လှည်းကူးကွင်းဆင်းသင်တန်းကျောင်းနှင့် ဖောင်ကြီးသင်တန်းကျောင်းတို့တွင် ထားရှိရန် ကျန်းမာရေးဝန်ကြီးဌာနမှ စီစဉ်ထားခြင်း ဖြစ်သည်။ လက်ရှိတွင် ဆောက်လုပ်ပြီးသော်လည်း လူနာများမထား ရှိရသေးသော တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကြီး ၄ ထပ်ဆောင်အသစ်တွင် ထိုသို့ ၁၄ ရက်စောင့်ကြည့်ရမည့် လူနာများကို စတင်ထားရှိနေခြင်းဖြစ်သည်။

ဆေးရုံအနီးရှိ ဒေသခံများအနေဖြင့် ဆေးရုံတွင် စောင့်ကြည့်လူနာများ ထားရှိသည့်အပေါ် မီးဖွားမည့်သူများ၊ ကလေးသူငယ်များ၊ ဒေသခံများကို ထိခိုက်မှုများ ရှိလာမည်ကို စိုးရိမ်နေကြကြောင်း ပြောဆိုမှုများလည်း ရှိနေ သည်။

အဆိုပါအခြေအနေနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဒေါက်တာခင်ခင်ကြီးက “ကိုယ့်နိုင်ငံမှာရှိတဲ့ အနေအထားပေါ်မူတည်ပါတယ်။ လက်ရှိတောင်ဥက္ကလာနဲ့ အမျိုးသမီးကလေးဆေးရုံ မှာထား တယ်ဆိုတာ လေးထပ်အဆောင်သစ်ဖြစ်ပါတယ်။ သီးခြားခြံဝင်းနဲ့ သီးခြားအဆောင်ဖြစ်တဲ့အတွက် ပြည်သူလူထုနဲ့ ဝေးပါတယ်။ နောက် Quarantine (အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း)ဆိုတဲ့ သဘောကိုက  ရောဂါ မရှိတဲ့သူပါ။ လက်ရှိမှာလဲ ရောဂါရှိမနေဘူး။ ဒါပေမယ့် အဓိကကတော့ ရောဂါဖြစ်ပွားမှုများတဲ့ ဒေသမှာ နေထိုင်ခဲ့တယ်။ သွားခဲ့တယ် ဆိုတဲ့အတွက် သူ့ရဲ့ အသွားအလာကို တားမြစ်ကန့်သတ်ချင်လို့ ဖြစ်ပါတယ်။

စောင့်ကြည့်ကာလ ၁၄ ရက်မှာ ရောဂါလက္ခဏာပေါ်လာတယ်ဆိုရင် ရောဂါနောက်ဆက်တွဲ ပြင်းထန်စွာခံစားရတာနဲ့ သေဆုံးတာတွေ၊ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ Quarantine လုပ်ခြင်းအားဖြင့် သူကနေ ပြည်သူတွေကို မကူးစက်အောင်လို့ ရည်ရွယ်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ရောဂါအတည်ပြုလူနာမရှိသေးကြောင်းနှင့် သက်ဆိုင်ရာဆေးရုံများတွင် ကုသစောင့်ကြည့်နေသော စောင့်ကြည့်လူနာ ၆ ဦးရှိကြောင်းလည်း မတ်လ ၈ ရက်ညက ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။မတ်လ ၈ ရက်နေ့ညအထိ တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၀ ၊ ကူးစက်ခံရသူ ၇၃၁၄ ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required