မန်စီးတီးကို ဒါဘီနှစ်ကျော့စလုံးအနိုင်ယူပြီးနောက် ယူနိုက်တက်နဲ့ ပရိသတ်တွေကြား ဆက်သွယ်မှု ပြန်လည်ရောက်ရှိနေတယ်လို့ ယုံကြည်နေတဲ့ ဆိုးလ်ရှား

မန်စီးတီးကို ဒါဘီနှစ်ကျော့စလုံးအနိုင်ယူပြီးနောက် ယူနိုက်တက်နဲ့ ပရိသတ်တွေကြား ဆက်သွယ်မှု ပြန်လည်ရောက်ရှိနေတယ်လို့ ယုံကြည်နေတဲ့ ဆိုးလ်ရှား
Photos: EPA

တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးကို (၁၀)နှစ်ကြာမှာ အိုးထရက်ဖို့ဒ်ကွင်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဒါဘီ နှစ်ကျော့စလုံး အနိုင်ရရှိပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ ပရိသတ်တွေအကြား အပြန်အလှန်ဆက်သွယ်မှုဟာ ပြန်လည်ရောက်ရှိနေတယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။

ဒီပွဲစဉ်မှာတော့ စီးတီးဂိုးသမား အီဒါဆန်ရဲ့ အမှားတွေကနေ အန်သိုနီ မာရှယ်နဲ့ မက် တော်မီနေးတို့က ကိုယ်စီသွင်းယူခဲ့ပါတယ်။ အခုဆိုရင် မန်ယူအသင်းဟာ လိဂ်အမှတ်ပေးဇယားအဆင့် (၄)နေရာက ချယ်လ်ဆီးကို (၃)မှတ်အကွာကနေ ဖိအားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း စီးတီးရဲ့ အရိပ်အောက်မှာ ကျရောက်နေခဲ့ပေမယ့် ဒီရာသီမှာတော့ သူတို့ရဲ့ ပြိုင်ဘက် စီးတီးအသင်းကို (၃)ကြိမ်အထိ အနိုင်ရထားပြီး အခုဆိုရင် ပြိုင်ပွဲစုံမှာ (၁၀)ပွဲအထိ ရှုံးပွဲမရှိဖြစ်လာခဲ့ပါတယ်။

"လိုအင်ဆန္ဒ၊ စိတ်သဘောထား၊ ကတိကဝတ်ပေးပြီးဖြစ်အောင်လုပ်တာတွေ ပရိသတ်တွေနဲ့ အသင်းသားတွေကြားက ဆက်သွယ်မှုတွေက ကျနော့်ကို ကျေနပ်စေပါတယ်။"လို့ ဆိုးလ်ရှားက ပြောပါတယ်။

"ဒါက ဒါဘီပွဲစဉ်ပါ။ ဒါကို ပရိသတ်တွေက ကြိုက်သလို ကစားသမားကလည်း ကြိုက်ပါတယ်။ ဒါက အနိုင်သုံးမှတ်ပဲလို့ ခင်ဗျား ပြောနိုင်ပါတယ်။ ဒါပေမယ့် မန်ချက်စတာစီးတီးလို အသင်းမျိုးကို ကျနော်တို့ ရင်ဆိုင်ခဲ့တဲ့ရတဲ့ ပြဿနာတွေနဲ့ အလဲထိုးနိုင်ခဲ့တာက အရမ်းကောင်းမွန်လှပါတယ်။ "

တကယ်လို့ စီးတီးဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ ချန်ပီယံလိဂ်ကစားခွင့် (၂)နှစ်ပိတ်ပင်မှုကို နိုင်ငံတကာအားကစားခုံရုံး (CAS)မှာ အယူခံရာမှာ မအောင်မြင်ခဲ့ဘူးဆိုရင် အဆင့် (၅)ကို ရောက်ရှိလာတဲ့ ယူနိုက်တက်တို့အနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်ကောင်းတစ်ရပ်ရလာနိုင်ပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ လိဂ်ပြိုင်ပွဲ (၇)ပွဲထိ ရှုံးခဲ့တာကြောင့် အခုဆိုရင် လီဗာပူးလ်ဟာ နှစ်ပေါင်း (၃၀)ကြာမှာ ပထမဆုံးအကြိမ် လိဂ်ဖလားကို ဆွတ်ခူးဖို့ အလွန်ဆုံး (၂)ပွဲသာ အနိုင်ရဖို့ပဲ လိုအပ်ပါတော့တယ်။

ဂွာဒီယိုလာက သူ့အသင်းဟာ ကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်လို့ အခိုင်အမာဆိုခဲ့ပေမယ့် ကွင်းလယ်ကစားသမား ဘာနာဒိုဆေးဗားလ်ကတော့ စွမ်းဆောင်ရည်နဲ့ ရလဒ်ကို လက်ခံနိုင်စရာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

"ကျနော်တို့ စွမ်းဆောင်ရည်က လက်ခံနိုင်စရာ မရှိပါဘူး။ ကျနော်တို့လို အသင်းမျိုးက ပရီးမီးယားလိဂ်မှာ ပွဲတွေအများကြီး ရှုံးနိမ့်စရာ မလိုပါဘူး။"လို့ ဆေးဗားလ်က ပြောပါတယ်။

"တကယ်တော့ ဖိအားက ပရီးမီးယားလိဂ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အဆင့်က ပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာ သိထားတယ်။ ဘာကြောင့်လဲဆိုတော့ ချန်ပီယံမဖြစ်နိုင်တော့လို့ပါ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် ၂ နေရာမှာ ရပ်တည်လိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် ဒီပွဲက ဒါဘီပွဲလေ။ ဒီပွဲက ကျနော်တို့ရဲ့ ပရိသတ်တွေအတွက် အရေးကြီးပါတယ်။ ၂-၀ နဲ့ အရေးနိမ့်တာ လက်ခံနိုင်စရာ မရှိပါဘူး။"

စီးတီးဟာ အစောပိုင်းကတည်းက ဘောလုံးပိုင်ဆိုင်မှု လွှမ်းမိုးခဲ့ပေမယ့် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ဒီဘရိုင်းနားကြောင့် ဆိုးဝါးလွန်းခဲ့ပါတယ်။

ဧည့်သည်အသင်းရဲ့ ခံစစ်ပိုင်း အားနည်းလွန်းတာက အိမ်ရှင်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို မဟာအခွင့်အရေးပေးခဲ့တာကြောင့် လီဗာပူးလ်အသင်းနဲ့ ရမှတ် (၂၅)မှတ်အထိ ကွာဟသွားစေခဲ့ပြီဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly