ဘရာဇီးလ်ဘောလုံးအိုင်ကွန် ရော်နယ်လ်ဒင်ဟိုကို ထိန်းသိမ်းဖို့ အဆွန်စီယွန်မြို့က တရားသူကြီး အမိန့်ချ

ဘရာဇီးလ်ဘောလုံးအိုင်ကွန် ရော်နယ်လ်ဒင်ဟိုကို ထိန်းသိမ်းဖို့ အဆွန်စီယွန်မြို့က တရားသူကြီး အမိန့်ချ
Photos: EPA

ဘရာဇီးလ်ဂန္တဝင်ကစားသမားကြီး ရော်နယ်လ်ဒင်ဟိုဟာ ပတ်စ်ပို့အတုနဲ့ ပါရာဂွေးနိုင်ငံကို ဝင်ရောက်ခြင်းကြောင့် အဖမ်းခံရပြီးနောက် ထောင်ထဲမှာရှိနေတယ်လို့ အဆွန်စီယွန်မြို့ရှိ တရားသူကြီးက စနေနေ့က အတည်ပြုခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားဆု နှစ်ကြိမ်ရခဲ့တဲ့ ရော်နယ်လ်ဒင်ဟိုဟာ သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ အစ်ကိုဖြစ်သူ ရောဘတ်တိုတို့ဟာ မြို့တော် အဆွန်စီယွန်ရှိ အထူးရဲတပ်ဖွဲ့ရဲ့ ဌာနချုပ်မှာ ညပိုင်းမှာ နေခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ စနေနေ့မနက်ပိုင်းမှာ တရားသူကြီး ကယ်လ်ယာ ရုဒ် ဒီဇက် ရှေ့မှောက် Palace of Justice တရားရုံးတော်မှာ ရင်ဆိုင်ခဲ့ပါတယ်။

အစိုးရရှေ့နေ အိုစမာ လီဂယ်က ရော်နယ်လ်ဒို ဒီအစစ် မိုရီရာ (ရော်နယ်လ်ဒင်ဟိုရဲ့ နာမည်အပြည့်အစုံ)နဲ့ သူ့အစ်ကိုတို့ဟာ တရားမဝင်စာရွက်စာတမ်းအတု အသုံးပြုမှုနဲ့ တရားစွဲဆိုထားခဲ့တယ်လို့ ပြောဆိုခဲ့ပြီး သူတို့ကို တရားခွင်အကြို ထိန်းသိမ်းစခန်းမှာ ထားရှိဖို့ သူက တောင်းဆိုခဲ့ပါတယ်။

တရားသူကြီးက သဘောတူညီလိုက်ပါတယ်။ "သူတို့က နိုင်ငံကို ခြိမ်းခြောက်တဲ့ ကြီးလေးတဲ့ လုပ်ရပ်တစ်ခု ကျူးလွန်ခဲ့တယ်။"လို့ သူမက ပြောကြားပြီး သူတို့ကို ထိန်းသိမ်းဖို့ အမိန့်ချခဲ့ပါတယ်။

ရော်နယ်လ်ဒင်ဟိုတို့ရဲ့ ရှေ့နေ တာရပ် တူမာကတော့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကို "အဓိပ္ပာယ်မဲ့ပြီး စိတ်ရှိတိုင်းပြုလုပ်တယ်"လို့ ပြောဆိုခဲ့ပါတယ်။

"သူ့ရဲ့ အားကစားမှာ ထင်ပေါ်ကျော်ကြားမှုကိုတော့ ကျနော် လေးစားပါတယ်။ ဒါပေမယ့် ဥပဒေကိုလည်း လေးစားရမယ်။ ဘယ်သူပဲဖြစ်နေပါစေ ဒီဥပဒေကို ကျင့်သုံးနေတုန်းပဲလေ။"လို့ ပါရာဂွေးပြည်ထဲရေးဝန်ကြီး ယူကလစ် အက်စ်ဗိုဒိုက ယခုသီတင်းပတ်အတွင်းက ဒေသခံမီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒင်ဟိုဟာ ဘရာဇီးလ်တောင်ပိုင်းက Porto Alegre မြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ဖို့ သစ်ပင်တွေ ခုတ်လှယ်ခဲ့ပြီး သဘောဝဝန်းကျင်ထိခိုက်စေမှုနဲ့ ဒေါ်လာ ၂.၅ သန်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ဒဏ်ကြေးပေးဆောင်နိုင်ခြင်း မရှိတာကြောင့် ဘရာဇီးလ်အာဏာပိုင်တွေက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်းက သူ့ရဲ့ ပတ်စ်ပို့ကို သိမ်းယူခဲ့သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly